Skip to main content
Back to Full Papers

Proceedings

Paper 09

Student Conference on Religion and Peace
Saturday, 29 August 2026

Paper 09

ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသတွင် သံဃာ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို လေ့လာခြင်း

အခန်း(၁)

၁။ နိဒါန်း

၁ ၊ ၁။ သုတေသနနောက်ခံသမိုင်း

လူမှုအဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် ဘာသာ ရေးအဖွဲ့အစည်းများနှင့် ယင်းတို့၏ ခေါင်းဆောင်များသည် ဒေသခံလူထု၏ စိတ်ဓာတ်ရေးရာ နှင့် လူမှုစီးပွားဘဝများအပေါ် ခေတ်အဆက်ဆက် သြဇာသက်ရောက်မှု ကြီးမားခဲ့ကြသည်။ ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်းသည် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် ကာလကပင် လောကု တ္တရာအကျိုးအတွက် သာမက လောကီလူသားတို့၏ အကျိုးစီးပွားကိုပါ သယ်ပိုးဆောင်ရွက် ရန် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဝိနည်းမဟာဝါ ပါဠိတော်လာ မြတ်ဗုဒ္ဓ၏ "စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇန ဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပါယ"(လူအများတို့၏ အကျိုး စီးပွားနှင့် ချမ်းသာခြင်းအလို့ငှာ လောကကို သနားစောင့်ရှောက်ရန် ဒေသစာရီ ကြွချီတော်မူ ကြကုန်လော့)ဟူသော လမ်းညွှန်ချက်သည် သံဃာ့အဖွဲ့အစည်း၏ လူမှုအကျိုးပြု လုပ်ငန်း စဉ်များအတွက် အခြေခံအကျဆုံးသော သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည်။(ဝိ၊ ၃၊ နှာ- ၃၉)

မြန်မာ့သမိုင်းတစ်လျှောက်တွင် ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်း၊ ပညာ ရေး၊ ကျန်းမာရေးနှင့် လူမှုစည်းလုံးညီညွှတ်ရေးများတွင် သံဃာတော်များသည် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ကြသည်။ ကျေးလက်ဒေသ ဘုန်းတော်ကြီးကျောင်းများသည် ကလေးသူငယ်များ နှင့် လူငယ်များအတွက် ပညာဗဟုသုတရှာဖွေရန်နှင့် စာရိတ္တကောင်းမွန်စေရန် ဗဟိုချက်ဖြစ် သကဲ့သို့ သံဃာတော်များသည်လည်း ဘာသာရေးခေါင်းဆောင် သာမက ကျေးလက်လူမှုဘဝ တည်ငြိမ်ရေးအတွက် စံပြပုဂ္ဂိုလ်နှင့် လမ်းညွှန်အကြံပေးများအဖြစ် တစိုက်မတ်မတ် ရပ်တည် ခဲ့ကြသည်။ သို့သော် ယနေ့ခေတ် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေးနှင့် နယ်မြေဒေသ မတည်ငြိမ်မှုများအောက်တွင် ဝေးလံခေါင်ဖျားသော နယ်စပ်ကျေးလက်ဒေသများ၌ ထူးခြား ရှုပ်ထွေးသည့် လူမှုပြဿနာသစ်များနှင့် စိန်ခေါ်မှုများ ပေါ်ပေါက်လျှက်ရှိသည်။

သို့ဖြစ်ရာ ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသ သံဃာတော်များ၏ အခန်းကဏ္ဍသည် ဘာသာရေး ကဏ္ဍတစ်ခုထက် ကျော်လွန်၍ ဒေသခံလူထု၏ အသက်အိုးအိမ် ဘေးကင်းရေး၊ ပညာရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့တွင် မရှိမဖြစ် လွန်စွာအရေးပါသော ပုဂ္ဂိုလ်များ အဖြစ် သက်ရောက်နေသည်။ ထို့ကြောင့် ဤသုတေသနသည် ဝိုင်းမော်မြို့နယ် ကျေးလက် ဒေသ၌ တာဝန်ထမ်းဆောင်နေကြသော သံဃာ့အဖွဲ့အစည်း၏ လက်ရှိပြောင်းလဲလာသော လူမှုအခြေအနေများအပေါ် တုံ့ပြန်ဆောင်ရွက်မှု၊ သံဃာတော်တို့၏ လက်တွေ့ကျသော ပါဝင် မှု အခန်းကဏ္ဍနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှု အခက်အခဲများကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ စနစ်တကျ လေ့လာဆန်းစစ်ခြင်းဖြင့် ဝိုင်းမော်မြို့နယ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် သံဃာ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို ပိုမို အားကောင်းလာစေရန် တင်ပြရခြင်း ဖြစ်ပါသည်။

၁ ၊ ၂။ သုတေသန ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ

ဤသုတေသနစာတမ်း၏ အဓိက ရည်ရွယ်ချက်မှာ- ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများတွင် သံဃာ့အဖွဲ့အစည်း၏ ပါဝင်မှုအခန်းကဏ္ဍ၊ ထိရောက်မှုနှင့် စိန်ခေါ်မှု များကို စနစ်တကျ လေ့လာဆန်းစစ်ရန် တို့ဖြစ်သည်။

အထက်ပါ ရည်ရွယ်ချက်ကို အောင်မြင်စေရန် အောက်ပါရည်မှန်းချက် (၃)ရပ်ကို ချမှတ်ထားပါသည်။

(က) ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် သံဃာ့အဖွဲ့အစည်း၏ ဘာသာရေး၊ ပညာရေး၊ ကျန်းမာ

ရေး ၊ လူမှုရေးတို့တွင် ပါဝင်ဆောင်ရွက်နေသည့်ကဏ္ဍများကို ဖော်ထုတ်ရန်။

(ခ) ကျေးရွာလူထုနှင့် ကျေးရွာခေါင်းဆောင်များ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် သံဃာ့

အဖွဲ့အစည်း၏ လုပ်ဆောင်ချက် ထိရောက်မှု သဘောထားအမြင်များကို ဆန်းစစ်ရန်။

(ဂ) သံဃာ့အဖွဲ့အစည်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာ

တွင် ကြုံတွေ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ရန် တို့ဖြစ်သည်။

အခန်း(၂)

၂။ သုတေသန စာပေပြန်လည်သုံးသပ်ချက်

ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်း၏ ပထမဦးဆုံးသော လူမှုအကျိုးပြု လုပ်ဆောင်မှုကို သာသနာပြု သမိုင်းကြောင်းတွင် ရှာဖွေရသော် မြတ်ဗုဒ္ဓသည် သက်တော်ထင်ရှား ရှိစဉ်ကပင် သံဃာတော်များကို မိမိတစ်ကိုယ်တည်းဖြင့် ရောင့်ရဲကျေနပ်ကာ တောကျောင်း၌သာ သီတင်း သုံးရန် လမ်းမညွှန်ဘဲ လူထုအကြားသို့ လှည့်လည်သွားရောက်ရန် မိန့်ကြားခဲ့သည်။ ဝိနယ ပိဋက၊ မဟာဝဂ္ဂပါဠိ၊ သာသနာပြုစေလွှတ်ခဏ်း၌ ပဉ္စဝဂ္ဂီငါးဦးနှင့် ယသသူဌေးသား အမှူးပြု သော ရဟန္တာခြောက်ကျိပ်တို့ကို သာသနာပြုစေလွှတ်ရာတွင်“စရထ ဘိက္ခဝေ စာရိကံ ဗဟု ဇန ဟိတာယ၊ ဗဟုဇန သုခါယ လောကာနုကမ္မာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝ မနုဿာနံ။ မာ ဧကေန ဒွေ အဂမိတ္တ။”(ရဟန်းတို့--- လူအများတို့၏ အကျိုးစီးပွားအလို့ငှာ၊ လူအများတို့၏ ချမ်းသာခြင်းအလို့ငှာ၊ လောကကို သနားစောင့်ရှောက်ရန်အလို့ငှာ၊ နတ်၊ လူ တို့၏ စီးပွားချမ်းသာခြင်းအလို့ငှာ ဒေသစာရီလှည့်လည် ကြွချီတော်မူကြကုန်လော့။ တစ်ခု တည်းသော လမ်းခရီးသို့ နှစ်ပါးတူတူ မကြွကြကုန်လင့်။) (ဝိ၊ ၃၊ မြန်၊ နှာ- ၃၂)ဟူ၍ အတိ အလင်း လမ်းညွှန်တော်မူခဲ့သည်။

ထို့အပြင် ဝိနိယပိဋက တတိယတွဲတွင် ဝမ်းရောဂါကြောင့် ကျင်ကြီးကျင်ငယ်ကို မသုတ်သင်နိူင်သော လူနာရဟန်းကို ဆေးကြောသုတ်သင်ပေးခြင်း(ဝိ၊ ၃၊ နှာ-၄၁၇)၊ ထေရ ဂါထာ အဋ္ဌကထာ (ပရမတ္ထဒီပနီ၊ ပထမတွဲ)၌ ခိုကိုးရာမဲ့ဖြစ်နေသော ရာဓပုဏ္ဏားအိုကြီးအား နားခိုရာ စားသောက်စရာပေးခြင်း(ထေရ၊ ဋ္ဌ၊ ၁၊ နှာ-၃၂၁)များသည် မြတ်ဗုဒ္ဓ လုပ်ဆောင်ပေးခဲ့ သော လူမှုအကျိူးပြု လုပ်ငန်းများပင်ဖြစ်သည်။

ယနေ့ မျက်မှောက်ကာလအထိ နှစ်ပေါင်းကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည့် မြတ်ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းသည် ယုံကြည်မှု တည်ဆောက်ခြင်းကို တိုင်းပြည်အသီးသီးတို့၏ နိုင်ငံရေး စနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်၊ ပညာရေးစနစ်များစွာနှင့် လိုက်လျောညီထွေ မှုရှိစေရန် မည်သို့ ရပ်တည်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်းကို ထုတ်ဖော်မှသာလျှင် မြတ်ဗုဒ္ဓ၏ သံဃာ့ အဖွဲ့အစည်းတစ်ရပ်သည် ကောင်းမွန်သော အုပ်ချုပ်ရေးကို မြင်တွေ့နိုင်ပါသည်။ ဤသည်ကို အရှင်သိရီသုမင်္ဂလသာမိ(၂၀၂၄)က လူမှုအကျိုးပြု ဗုဒ္ဓဘာသာစာအုပ်တွင် “မြန်မာ့အတိတ် သမိုင်းကာလများတွင် ရဟန်းသံဃာများနှင့် ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ ပတ်ဝန်းကျင် တွင် နေထိုင်ကြသည့် သက်ဆိုင်ရာ လူမျိုး များ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေအပါအဝင် အကျိုးကိစ္စများစွာကို လုပ်ဆောင်ပေးခဲ့ရကြောင်း၊ ဘုန်းကြီးကျောင်းများသည် ရပ်ရွာ၏ လောကီအရေး ကိစ္စမှန်သမျှကိုပါ ဖြည့်ဆည်းပေးရသော ဌာနများဖြစ်ခဲ့ကြောင်း၊ ရွာငယ်လေး များ၏ ဘုန်းကြီးကျောင်း ငယ်လေးမှစ၍ မြို့တွင်ရှိသည့် မင်းကိုးကွယ်ခံ ဘုန်းကြီးကျောင်း အကြီးဆုံး ဘုန်းကြီးကျောင်းမှန်သမျှတွင်ရှိသော ရဟန်းသံဃာများသည် မိမိတို့ရပ်ရွာ၏ လောကုတ္တရာအရေးကိစ္စကို သာမက လောကီအရေးကိစ္စများပါ စီမံပေးခဲ့ရကြောင်း၊ လောကီ အရေးများတွင် ကလေး၊ လူကြီးများကို စာတတ်မြောက်ရန် သင်္ချာမှအစ ဘာသာစကား၊ စာပေများကို သင်ကြားပေးခြင်း၊ ရပ်ရွာ အတွင်းရှိ ဖျားနာသော လူနာများကို ဆေးပေးဆေးကု ဆေးဖော်ပေးခြင်း၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သောကိစ္စများတွင် ဦးဆောင်ပေးခြင်းများ ပါဝင် ကြောင်း ရေးသားဖော်ပြထားပါသည်။ ထို့ပြင် အချို့ဘုန်းကြီးကျောင်းများတွင် အဋ္ဌာရသ (၁၈)ရပ်တွင် အပါအဝင်ဖြစ်သော သိုင်းပညာ၊ ဗေဒင်နက္ခတ်ပညာစသော ပညာရပ်များကို သင်ကြားပေးရကြောင်း၊ မင်းအစိုးရများ၏ ရုံးစိုက်နန်းစိုက်ရာ မြို့တွင်ရှိသော ဘုန်းကြီး ကျောင်းများ၏ သံဃာတော်များသည် အုပ်ချုပ်သူအစိုးရမင်းများကို အကြံပေးရသည့် တာဝန် များကိုပါယူရကြောင်း၊ ရှေးယခင်က ဘုန်းတော်ကြီးများသည် လူထုအတွက် လုပ်ဆောင်ပေး ခဲ့သော လောကီရေးရာများသည် ယခု ဖော်ပြသည်ထက်များပြားကြောင်း၊ ရှေးခေတ်အခါက လူထု၏ လောကီအရေးကိစ္စ အားလုံး နီးပါးတွင် ဘုန်းတော်ကြီးများက မပါမပြီးကြောင်းနှင့် လူထုများမှလည်း ယင်းတို့၏ မိသားစု အရေးမှစ၍ အရေးကိစ္စအားလုံးနီးပါးကို သံဃာတော် များကိုသာ အားထားမှီခိုခဲ့ကြကြောင်း”(သိရီသုမင်္ဂလသာမိအရှင်၊‌ ဒေါက်တာ(၂၀၂၄)၊ လူပြု၊ နှာ-၄၃)ဖော်ပြထားပါသည်။ အထက်ပါ ဖော်ပြချက်များသည် ခေတ်အဆက်ဆက် ရဟန်း သံဃာတော်များသည် လူမှုအဖွဲ့အစည်း အတွက် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးရာကဏ္ဍများတွင် စွမ်းစွမ်းတစ်မံ လုပ်ဆောင်ပေးမှု၏ သမိုင်းသက်သေပင် ဖြစ်ပေ သည်။

မြန်မာ့လူမှုအဖွဲ့အစည်း၏ အခြေခံဖွဲ့စည်းပုံကို ဆန်းစစ်လျှင် ကျေးလက်ဒေသနှင့် ရဟန်းသံဃာတို့သည် သမိုင်းတစ်လျှောက် ခွဲခြား၍မရအောင် တစ်သားတည်း တည်ရှိခဲ့ကြ သည်။ ဤသည်ကို အာကာမိုးသူ(၂၀၂၃)က ဗုဒ္ဓ၏အာရှတန်ဖိုးစာအုပ်တွင် “မြတ်ဗုဒ္ဓဝါဒသည် လူမျိုးစွဲကင်းရုံ သာမက အသားရောင်ခွဲခြားမှုလည်း မရှိချေ။ သံဃာ့အဖွဲ့အစည်းအတွင်း ဆောင်ရွက်ချက်များသည် လူမှုဘဝများနှင့် ထိစပ်ဆက်သွယ် ဆောင်ရွက်ရသော အချက်များ ဖြစ်သည့် အားလျော်စွာ ထိုလူမှုအဖွဲ့အစည်း လိုအပ်ချက်များကို မျှတကုံလုံမှုရှိစေရန် ကိုယ်ကျင့်သီလများဖြင့် တည့်မတ်ထိန်းကျောင်းသွားမှုသည် လူမှုအဖွဲ့အစည်းအတွင်းရှိ ပဋိ ပက္ခများကိုများစွာ လျော့ပါးစေခဲ့ပါသည်။”(မိုးသူအာကာ(၂၀၂၃)၊ ဗုဒ္ဓစီ၊ နှာ-၈)ဟူ၍ ရေးသား ထားပါသည်။

ထို့ကြောင့် သမိုင်းနှင့် လူမှုဗေဒဆိုင်ရာ စာပေအထောက်အထားများအရ မြန်မာ့ ကျေးလက်ဒေသတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာ့အဖွဲ့အစည်းသည် လူမှုအသိုက် အဝန်း၏ စဉ်ဆက်မပြတ် ရှင်သန်ရေး၊ ပညာရေးနှင့် တည်ငြိမ်ရေးတို့အတွက် မရှိမဖြစ် လိုအပ် သော"လူမှုရေးအကျိုးပြုဗဟိုချက်"အဖြစ် သမိုင်းတစ်လျှောက်တွင် သာမက လက်ရှိမျက် မှောက်ခေတ် အထိပါ သက်သေပြလျှက် ရှိနေကြောင်း ထင်ရှားပေသည်။

အခန်း(၃)

၃။ သုတေသနနည်းလမ်း

ဤသုတေသနသည် အရည်အသွေး အခြေပြု ဖြစ်ရပ်လေ့လာမှု နည်းလမ်း (Quali- tative Case Study Methods)ကို အသုံးပြု၍ ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သံဃာ့အဖွဲ့အစည်း၏ ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍ၊ ဆောင်ရွက်သောလုပ်ငန်းများ၏ ထိရောက်မှု၊ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှု အခက်အခဲ များကို သိရှိနိုင်ရန်နှင့် ထိုအခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများကို အသေးစိတ် လေ့လာထားပါသည်။

အခန်း(၄)

၄။ သုတေသနရလာဒ်များနှင့် ဆွေးနွေးချက်

ဝိုင်းမော်မြို့နယ်ရှိ သံဃာ့တော်များသည် အဓိကအားဖြင့် ဘာသာရေး ခေါင်းဆောင် များပီသစွာ ဘာသာရေးကို ဦးစား‌ပေး လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ သာသနိက အဆောက်အအုံများ ပြည့်စုံစေရန် ဆောက်လုပ်လျှက်ရှိခြင်း၊ ဘုရားစေတီ တည်ထားခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကလေးသူငယ်များ စာရိတ္တကောင်းမွန်စေရန်နှင့် ဘာသာရေး အသိကြွယ်ဝ စေရန် ဓမ္မစကူလ်းနှင့် ယဥ်ကျေးလိမ္မာ သင်ကြားပေးခြင်း၊ ဒကာ၊ ဒကာမများကို သရဏဂုံနှင့် ငါးပါးသီလမြဲစေရန် ဆုံးမသြဝါဒပေးခြင်း၊ ဝိပဿနာတရား အားထုတ်စေခြင်း၊ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲစသည့် ဘာသာရေးနှင့် ဆက်စပ်သောပွဲများ ကျင်းပပြုလုပ်ပေးကြောင်း တွေ့ရှိရပါသည်။

ပညာရေးတွင် ရံပုံငွေထားရှိ၍ မူကြိုတန်းမှ မူလတန်းအထိ အခမဲ့ သင်ကြားပေးခြင်း၊ ညစာကျက်ဝိုင်းဖွင့်လှစ်၍ ကြပ်မတ်မှုပေးခြင်း၊ နွမ်းပါးသောကလေးများနှင့် စစ်ရှောင်ကလေး များအား ပညာသင်ကြားနိူင်ရန် ကူညီပေးခြင်းတို့ကို တွေ့ရှိရသည်။ ထို့အပြင် ဘာသန္တရအဖြစ် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်း၊ အင်္ဂ လိပ်၊ တရုတ်ဘာသာစကား၊ ရှမ်းစာပေနှင့် ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်း တို့ကိုလည်း တွေ့ရှိရသည်။

ကျန်းမာရေး ရံပုံငွေထား၍ ထောက်ပံ့ကူညီခြင်း၊ ပရဟိတအသင်းကို သြဝါဒဆရာ တော်အဖြစ် တာဝန်ယူကြီးကြပ် ဆောင်ရွက်လျှက်ရှိခြင်း၊ သက်ကြီးပူဇော်ပွဲ ပြုလုပ်ပေးခြင်း၊ တနင်္ဂနွေနေ့တိုင်း အခမဲ့ ဆေးခန်းဖွင့်၍ စောင့်‌ရှောက်မှုပေးခြင်း၊ သွေးနှင့် အောက်စီဂျင်လို အပ်ပါက ကူညီဆောင်ရွက်မှုပေးခြင်း၊ ရေသန့်စက်တည်ဆောက်ထားရှိခြင်း၊ လူမှုကူညီရေး အသင်းဖွဲ့စည်း၍ လိုအပ်သောကူညီ စောင့်ရှောက်ပေးမှုများရှိခြင်း၊ ဆေးရုံဆေးခန်းများ ကူညီ လမ်းညွှန်မှုများပေးကြောင်း တွေ့ရပါသည်။

လူမှုရေးတွင် စစ်ရှောင်စခန်းဖွင့်လှစ်၍ စောင့်ရှောက်မှုပေးလျှက်ရှိခြင်း၊ ရေဘေး၊ ငလျင်ဘေး၊ စစ်ဘေးတို့တွင် သံဃာတော်များစုပေါင်းအင်အားဖြင့် ထောက်ပံ့ကူညီခြင်း၊ အလှူရှင်များနှင့် ချိတ်ဆက်ကူညီပေးခြင်း၊ ရပ်ရွာ၏ကိစ္စရပ်များတွင် လုပ်ငန်းနှင့် ပတ်သက် သော အကြံဉာဏ် သြဝါဒများပေးခြင်း၊ စစ်ရှာင်စခန်းတွင် သောက်ရေတွင်း တူးဖော်ပေးခြင်း များ လုပ်ဆောင်ပေးကြောင်း တွေ့ရသည်။ လူထု၏ သဘောထားအမြင်အားဖြင့် ဒေသခံ ဒကာ၊ ဒကာမ (၉၀%)က သံဃာတော်များကို ယုံကြည်အားထားကြပြီး သံဃာတော်များ၏ လမ်းညွှန်ချက် သြဝါဒများကို လေးစားလိုက်နာမှု ရှိကြကြောင်း တွေ့ရသည်။ ထို့ကြောင့် သံဃာတော်များ အပေါ်ထားရှိသော အပြုသဘောဆောင်သည့် လေးစားအသိအမှတ်ပြုမှု သဘောထားအမြင်များကို တွေ့ရှိရပါသည်။

စိန်ခေါ်မှု အဓိက အခက်အခဲများမှာ နယ်မြေမတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေး၊ ကုန်စျေးနှုန်းမြင့်မားခြင်း၊ ကျန်းမာရေးကုသရန်နှင့် ဆေးဝါးရှားပါးခြင်း၊ ပညာသင် ကြားရန်ခက်ခဲခြင်း၊ အလုပ်သမားရှားပါးခြင်း၊ စိုက်ပျိုးရေးလုပ်ဆောင်ရန် ခက်ခဲခြင်း၊ လူငယ် များ နေရပ်စွန့်ခွာခြင်းကြောင့် လူငယ်အင်အားနည်းပါးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ စစ် ဘေးတိမ်းရှောင်သူများ မူလနေရပ်တို့ ပြန်လည်နေထိုင်နိူင်ရေး လုပ်ဆောင်နေမှုများသည် လက်ရှိရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှု အခက်အခဲဖြစ်ကြောင်း တွေ့ရှိရသည်။

ဤသုတေသနရလာဒ်များအပေါ် ဆွေးနွေးတင်ပြရလျှင် ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ မဟာပဒါနသုတ်၌ “စရထ ဘိက္ခဝေ စာရိကံ ဗဟုဇန ဟိတာယ၊ ဗဟုဇနသုခါယ လောကာနု ကမ္မာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝ မနုဿာနံ။ မာ ဧကေန ဒွေ အဂမိတ္တ။ (ရဟန်းတို့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါများ၏ ကောင်းကျိုးချမ်းသာအတွက် လောကကြီးကို ထိန်းသိမ်း စောင့်ရှောက်ရန် ခရီးထွက်ကြ၊ ခရီးထွက်သည့်အခါ တစ်ကြောင်းတည်း နှစ်ပါးမသွားဘဲ တစ်ပါးစီသာသွားကြရန်)”(ဒီ၊ မြန်၊ ၂၊ နှာ-၄၃)ဟူ၍ မြတ်ဗုဒ္ဓမှ လောကီလူသားများအတွက် လက်ရှိဘဝနှင့် နောင်သံသရာအတွက်ပါ အကျိုးများရရှိစေရန် လမ်းညွှန်ပြခဲ့ပါသည်။

ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ လမ်းညွှန်ပြချက်များသည် ဝိုင်းမော်မြို့နယ်ရှိ သံဃာတော်များ ၏ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆောင်ရွက်ချက်များနှင့် ကိုက်ညီနေပါ သည်။ ထို့ကြောင့် ဝိုင်းမော်မြို့နယ်ရှိ သံဃာတော်များ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် ဦးဆောင်နေမှုသည် မြတ်ဗုဒ္ဓ၏ အခြေခံကျသော လူမှုဝတ္တရားများကို ကျင့်သုံးနေခြင်းဖြစ် သည်။

ထို့အပြင် ဒီဃနိကာယ်၊ သီလက္ခန္တဝဂ်၊ ကူဋဒန္တသုတ်တွင် “တိုင်းပြည်နှင့် ရပ်ရွာအေး ချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးအရ အရင်းအနှီးများ ထောက်ပံ့ပေးရုံမျှဖြင့် မလုံ လောက်ဘဲ ရပ်ရွာလူထု၏ ယုံကြည်လေးစားရသည့် ခေါင်းဆောင်မှုရှိရန် လိုအပ်ကြောင်း”(ဒီ၊ ဋ္ဌ၊ ၁၊ နှာ-၁၄၃) ပြဆိုထားသည်။ သံဃာတော်များသည် လောဘ၊ ဒေါသ၊ မောဟနည်းပါးပြီး ကိုယ်ကျိူးမကြည့်ဘဲ အများအကျိူးကိုသာ ရှေ့ရှုသောကြောင့် လူထုအကြားတွင် “အဂတိ ကင်းစင်သောအဖွဲ့အစည်း”အဖြစ် ရပ်တည်နိူင်သည်။ ထိုသို့ ရပ်တည်နိူင်ခြင်းကြောင့်ပင် ဝိုင်းမော်မြို့နယ်ကဲ့သို့သော ပဋိပက္ခဇုန်အတွင်း၌ပင် လူထု၏ စုစည်းမှုအင်အားကို ရရှိကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး(စစ်ဘေးရှောင် လူပုဂ္ဂိုလ်များအား ကူညီထောက်ပံ့ စောင့်ရှောက်မှုပေးနေခြင်း)တို့ကို ထိရောက် အောင်မြင် စွာ ဆောင်ရွက်နေနိူင်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

လက်ရှိ ဝိုင်းမော်မြို့နယ်သည် လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသော ဒေသ ဖြစ်သဖြင့် နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးကျဆင်းမှုတို့ ကြောင့် ရန်ပုံငွေအခက်အခဲ ကြုံတွေ့ရသည်။ ဤအခြေအနေအပေါ် အင်္ဂုတ္တရနိကာယ်၊ ဗျဂ္ဃ ပဇ္ဇသုတ်နှင့် နှိုင်းယှဉ်ဆွေးနွေးထားပါသည်။

ဗျဂ္ဃပဇ္ဇသုတ်တွင် “လူဝတ်ကြောင် ဒါယကာများ လောကီစီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်နှင့် ပစ္စည်းဥစ္စာ ထိန်းသိမ်းရန်အတွက် မြတ်ဗုဒ္ဓသည် "သမဇီဝိတာ"(မိမိရရှိသောဝင်ငွေနှင့် မျှတအောင်သုံးစွဲခြင်း)တရားကို ဟောကြားထားသည်။”(အံ၊ မြန်၊ ၃၊ နှာ-၉၈) ဝိုင်းမော်မြို့ နယ်ရှိ သံဃာတော်များသည် လက်ရှိစီးပွားရေးကျပ်တည်းမှု စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရာတွင် ဒါယကာ၊ ဒါယိကာမများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် အလှူငွေများကို အတင်း အကြပ်မကောက်ခံဘဲ၊ စီမံကိန်းများကိုအဆင့်လိုက်ခွဲခြားခြင်း၊ မိမိတို့တတ်နိူင်ရာ လုပ်အား ဖြင့် လုပ်ကိုင်ကြခြင်း၊ ရန်ပုံငွေကိုချွေတာစွာ စနစ်တကျ သုံးစွဲခြင်းဖြင့် မြတ်ဗုဒ္ဓ၏ "သမဇီ ဝိတာ" သဘောတရားကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင် အသုံးချကာ အကျပ်အတည်းကို ကျော်လွှားနေကြကြောင်း ဆန်းစစ်တွေ့ရှိရပါသည်။

အခန်း(၅)

နိဂုံးချုပ်

“ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသတွင် သံဃာ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို လေ့လာခြင်း" သုတေသနစာတမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ရဟန်းသံဃာများ၏ အခန်းကဏ္ဍကို ကဏ္ဍစုံမှ ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။ ဝိုင်းမော်မြို့နယ်သည် နယ်မြေမတည် ငြိမ်မှုနှင့် စီးပွားရေးကျဆင်းမှုစသည့် ကြီးမားသော စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နေရသော် လည်း သံဃာတော်များနှင့် လူထုအကြားတည်ရှိနေသော ဗုဒ္ဓဓမ္မ အခြေခံသည့် "ယုံကြည်မှု" နှင့်"စည်းလုံးမှု"အင်အားစုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာဖော်ဆောင် နိုင်ခဲ့သည်။ ဝိုင်းမော်မြို့နယ် သံဃာ့အဖွဲ့အစည်းသည် ကျေးလက်ဒေသ၏ သာသနာပြု မဏ္ဍိုင်သာမက ပြည်သူလူထုတို့၏ အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် အစားထိုးမရသော"ရှေ့ဆောင်လမ်းပြအလင်းအိမ်ကြီး"အဖြစ် ခိုင်မာစွာ ရပ်တည် လျှက်ရှိကြောင်း ကောက်ချက်ချနိူင်ပါသည်။ ယခုသုတေသနသည် ဝိုင်းမော်မြို့နယ်ရှိ သံဃာ့အဖွဲ့အစည်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်မှုများကို ပထမ အကြိမ် စနစ်တကျ လေ့လာခြင်းဖြစ်၍ နောင်လာမည့် သုတေသီများအတွက် အခြေခံ အချက် အလက်များကို ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အကိုးအကားပြုကျမ်းကိုးနှင့် စာအုပ်စာပေများ

၁။ ခုဒ္ဒကနိကာယ်၊ ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိ၊ ၂၀၂၃ - ခုနှစ်၊ ရန်ကုန်၊ ယဥ်ကျေးမှုနှင့်

သာသနာရေးဦးစီးဌာန။

၂။ ခုဒ္ဒကနိကာယ်၊ ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိ(တတိယတွဲ)၊ ၂၀၂၃ - ခုနှစ်၊ ရန်ကုန်၊

ယဥ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာန။

၃။ ခုဒ္ဒကနိကာယ်၊ ထေရဂါထာ အဋ္ဌကထာ(ပရမတ္ထဒီပနီ- ပထမတွဲ)၊ ဆဋ္ဌသင်္ဂါယနာမူ၊

၂၀၂၃ - ခုနှစ်၊ ရန်ကုန်၊ ယဥ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာန။

၄။ ခုဒ္ဒကနိကာယ်၊ ထေရီ အဋ္ဌကထာ၊ ဂါထာ(၉၈)၊ ဆဋ္ဌသင်္ဂါယနာမူ၊ ၂၀၂၃ - ခုနှစ် ၊ ရန်ကုန်၊

ယဥ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာန။

၅။ သိရီသုမင်္ဂလသာမိအရှင်၊ ဒေါက်တာ(၂၀၂၄)၊ “လူမှုအကျိုးပြုဗုဒ္ဓဘာသာ”၊ နန်းသဇင်

ပုံနှိပ်တိုက်၊ ရန်ကုန်၊ ကိုလတ်စာပေ။

၆။ မိုးသူအာကာ(၂၀၂၃)၊ “ဗုဒ္ဓ၏အာရှတန်ဖိုး(ဗုဒ္ဓ၏စီမံခန့်ခွဲမှုကိုလေ့လာခြင်း)”၊ ငွေပြည်

တော် ပုံနှိပ်တိုက်၊ ရန်ကုန်၊ သားငယ်စာပေ။

၇။ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ “မဟာပရိနိဗ္ဗာနသုတ်”၊ ၂၀၂၃ - ခုနှစ်၊ ရန်ကုန်၊ ယဥ်ကျေးမှု

နှင့်သာသနာရေးဦးစီးဌာန။

၈။ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ “ကူဋဒန္တသုတ်”၊ ၂၀၂၃ - ခုနှစ်၊ ရန်ကုန်၊ ယဥ်ကျေးမှုနှင့်

သာသနာရေးဦးစီးဌာန။

၉။ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ “ဗျဂ္ဃပဇ္ဇသုတ်(ဒီဃဇာဏုသုတ်)”၊ ၂၀၂၃ - ခုနှစ်၊

ရန်ကုန်၊ ယဥ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာန။