Paper 09
ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသတွင် သံဃာ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို လေ့လာခြင်း
(၂၁) ရာစု ခေတ်သစ်လူ့အဖွဲ့အစည်းသည် နည်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ အရှိန် အဟုန်ဖြင့် တိုးတက်ထွန်းကားလာသော်လည်း တစ်ဖက်တွင်မူ လူသားတို့၏ စိုးရိမ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။ လူသား တို့၏ ကိုယ်ကျင့်တရားများ ယိုယွင်းလာခြင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓါတ် များ အားကောင်းလာခြင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်မှု လျော့နည်းလာ ခြင်း စသည့် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေကြရသည်။ ထိုသို့ အတ္တပဓာန လွန်ကဲလာခြင်း၊ ဓန ရှင်ဝါဒကြောင့် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်း၊ နည်းပညာခေတ်တွင် လူမှုကွန်ရက် များပေါ်၌ အမုန်းစကားများပြားလာခြင်းနှင့် အခွင့်အရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများကြောင့် လူ့ဘောင်လောကသည် တည်ငြိမ်မှု ကင်းမဲ့လျှက်ရှိသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲ၍ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု သာမက လူသားအချင်းချင်း စည်းလုံးညီညွှတ်မှုကို ဖြစ်စေနိုင်သော စိတ်ပိုင်းဆိုင်ရာ ပေါင်းကူး တံတားတစ်ခု မဖြစ်မနေ လိုအပ်လျှက်ရှိပေသည်။ သို့မှသာ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ဤစာတမ်းသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သည့် လူမှုဆက်ဆံရေးနှင့် လူ့အဖွဲ့အစည်း စည်းလုံးညီညွှတ်ရေးတရားများ ဖြစ်သော "သင်္ဂဟဝတ္ထု တရား(၄)ပါး"ကို အခြေခံ၍ ခေတ်သစ်လူ့အဖွဲ့အစည်း၏ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရန် မည်မျှ အရေးပါသည်ကို ဓမ္မဓိဋ္ဌာန် ကျကျ လေ့လာဆန်းစစ် တင်ပြထားခြင်းဖြစ်ပါသည်။ မြတ်ဗုဒ္ဓဝါဒသည် အတ္တဟိတ (မိမိ အကျိုး) သာမက ပရဟိတ (သူတစ်ပါးအကျိုး)တို့ကို မျှတစွာ လမ်းညွှန်သော ဝါဒဖြစ်သည်။ သင်္ဂဟဝတ္ထု(၄)ပါးသည် ခေတ်သစ် လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် အရေးပါသော မဏ္ဍိုင်ကြီးများ ဖြစ်ကြသည်။ ထိုသင်္ဂဟ ဝတ္ထု(၄)ပါးတို့မှာ ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယာ၊ သမာနတ္တတာ တို့ဖြစ်သည်။ ဒါန(ပေးကမ်းစွန့်ကြဲခြင်း)သည် မိမိပိုင်ဆိုင်သောပစ္စည်း၊ ပညာ သို့မဟုတ် အခွင့်အရေးများကို အများအကျိုးအတွက် မျှဝေခြင်း ယဥ်ကျေးမှုကို ဖြစ်ထွန်းစေ၍ လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာ ကွာဟမှုကို လျော့ကျစေနိုင်ပါသည်။ အလားတူ ပေယျဝဇ္ဇ(ချိုသာစွာပြောဆိုခြင်း)သည် ပဋိပက္ခများကို လျော့ချပေးပြီး စာနာနားလည်မှု ရှိသော ဆက်သွယ်ပြောဆိုရေးကို မြှင့်တင်ပေးသည်။ ထို့အတူ အတ္ထစရိယာ (အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း)သည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရန် အများကောင်း ကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သည့် ပရဟိတစိတ်ဓါတ်နှင့် လူမှုတာဝန်သိမှုကို အားကောင်းစေသည်။ ထို့ပြင် သမာနတ္တတာ (ကိုယ်ချင်းစာ၍ တန်းတူထားခြင်း)သည် မည်သည့် အခြေအနေ၌မဆို လူသားအချင်းချင်း ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှထား ရှိခြင်း၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာတရား ထားရှိခြင်းနှင့် ဒီမိုကရေစီ စံနှုန်းများကို ဖော် ဆောင်ပေးသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓဝါဒလာ သင်္ဂဟဝတ္ထု တရားများသည် ရှေ့ခေတ် ဘာသာရေး အယူအဆသက်သက် မဟုတ်ဘဲ ခေတ်သစ်လူ့အဖွဲ့အစည်း ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများကို ခေတ်စနစ်မရွေး အသုံးချ နိုင်သည့် "တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုကျင့်ဝတ်" ဖြစ်သည်။ ယင်းတရားများကို လက်တွေ့ နယ်ပယ် အသီးသီးတွင် ထည့်သွင်းကျင့်သုံးခြင်းဖြင့် စည်းလုံးညီညွှတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ရေရှည်တည်တံ့ခြင်းတို့ဖြင့် ပြည့်စုံသော ပျော်ရွှင်ချမ်းမြေ့ဖွယ် ခေတ်သစ် လူ့အဖွဲ့အစည်းကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
Keywords: သင်္ဂဟဝတ္ထု၊ ခေတ်သစ်လူ့အဖွဲ့အစည်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုကျင့်ဝတ်၊ စည်းလုံးညီညွှတ်မှု၊ ငြိမ်းချမ်းရေး။