Paper 08
ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ ပါဏာတိပါတကျူးလွန်မှုကို လေ့လာသုံးသပ်ခြင်း
ဤသုတေသနစာတမ်းသည် မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ဘဝတွင် ငါးပါးသီလ၏ ပထမသိက္ခာပုဒ်ဖြစ်သော "ပါဏာတိပါတ" (သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)အပေါ် နားလည်သဘောပေါက်မှုနှင့် တိရစ္ဆာန်များကို သတ်ဖြတ်နေရခြင်း၏ အကြောင်းရင်းများကို အရေအတွက်ပြ စစ်တမ်းမေးခွန်းလွှာနှင့် အရည်အသွေးပြ လူတွေ့မေးမြန်း ခြင်း နည်းလမ်းနှစ်ရပ်ကို ပေါင်းစပ်အသုံးပြု၍ လေ့လာဆန်းစစ်ထားခြင်း ဖြစ်ပါသည်။
တွေ့ရှိချက်များအရ ဗုဒ္ဓဘာသာဝင်အများစုသည် ပါဏာတိပါတ၏ သဘောတရားနှင့် ဆိုးကျိုးများကို သိရှိကြသော်လည်း နေ့စဉ်ဘဝတွင် မိမိတို့အား နာကျင်စေပြီး အနှောင့်အယှက် ပေးသော အိမ်တွင်းပိုးမွှားများ (ခြင်၊ ယင်၊ ပုရွက်ဆိတ်) ကို သတ်ဖြတ်ခြင်းမှာ အများဆုံးဖြစ်နေ သည်ကို တွေ့ရသည်။ ထို့ပြင် ဘာသာရေးနှင့် လူမှုရေးပွဲလမ်းသဘင်များတွင် ဧည့်ခံကျွေးမွေးရန် သား၊ငါးသတ်ဖြတ်မှုများ ပြုလုပ်နေကြသော်လည်း ယင်းသို့ သတ်ဖြတ်ကျွေးမွေးခြင်းကိုမူ စာပေလာ အဆုံးအမများနှင့်အညီ (၁၀၀%) လက်မခံကြောင်း ထူးခြားစွာတွေ့ရှိရသည်။ ဤသုတေသနသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မအသိနှင့် လက်တွေ့ကျင့်သုံးမှုအကြား ကွာခြားမှုများကို မီးမောင်းထိုးပြ ထားပြီး မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ အသိပညာပေးရန်နှင့် သဘာဝအတိုင်း အစားထိုးနှင်ထုတ် မည့် နည်းလမ်းများ ကျင့်သုံးရန် အကြံပြုထားပါသည်။