Skip to main content
Back to Abstracts

Research

Paper 04

Student Conference on Religion and Peace
Saturday, 29 August 2026

Paper 04

ထေရဝါဒ မြန်မာဗုဒ္ဓဘာသာဝင်များ၏ မရဏဿတိ သဘောတရားနှင့် လက်တွေ့ကျင့်စဉ်များကို လေ့လာသုံးသပ်ခြင်း

မရဏဿတိသည် ထေရဝါဒ မြန်မာဗုဒ္ဓဘာသာတွင် အရေးပါသော ကမ္မဋ္ဌာန်းဘာဝနာတစ်ရပ်ဖြစ်ပါသည်။ သေခြင်းတရား၏ မလွဲမသွေဖြစ်ပေါ်လာမည့် သဘာဝ တရားကို ဆင်ခြင်သတိရခြင်းအားဖြင့် သံဝေဂတရားဖြစ်ပေါ်စေကာ ကိုယ်ကျင့်သီလနှင့် စိတ်ဓာတ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုသော ဘာဝနာတစ်ခုဖြစ်ပါသည်။ (ခ) ဤသုတေသန စာတမ်းကို ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထေရဝါဒ ဗုဒ္ဓစာပေလာ မရဏဿတိ၏ သဘောတရား၊ ပွားများနည်းလမ်းများနှင့် အကျိုးတရားများကို လေ့လာသုံးသပ်ရန် ဖြစ်သည်။ အကျိုးဆက်အနေအားဖြင့် (၁) ယနေ့ခေတ် ထေရဝါဒ မြန်မာဗုဒ္ဓ ဘာသာဝင်တို့၏ မရဏဿတိ အပေါ် နားလည်မှုကိုလေ့လာရန်နှင့် (၂) သေခြင်းတရားကို မြင်တွေ့ကြုံတွေ့ပြီးနောက် မရဏဿတိပွားများမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ၊ အကျင့်သီလပိုင်းဆိုင်ရာနှင့် ဘဝအမြင်ပြောင်းလဲမှုများကို ဖော်ထုတ်လေ့လာရန် ရည်ရွယ်ပါသည်။ (ဂ) ဤသုတေသန စာတမ်းကို အသုံးပြုခဲ့သော နည်းစနစ်မှာ အရည်အသွေးဆိုင်ရာ သုတေသနနည်းလမ်းဖြင့် အသုံးပြု လုပ်ဆောင်ခဲ့ပါသည်။ (ဃ) သုတေသန၏ အဓိကတွေ့ရှိချက်များမှာ ထေရဝါဒမြန်မာ ဗုဒ္ဓဘာသာဝင်အများစုသည် မရဏဿတိကို ဗုဒ္ဓစာပေသဘောတရားနှင့် စနစ်တကျ နားလည် ထားခြင်းထက် မိသားစုဝင်များ ကွယ်လွန်ခြင်း၊ အသုဘမြင်တွေ့ရခြင်းနှင့် ဘဝအတွေ့အကြုံ များမှတစ်ဆင့် နားလည်ခဲ့ကြသည်ကို တွေ့ရှိရသည်။ မရဏဿတိကို စတင်သတိပြု မိသည့် အချိန်မှာ အများအားဖြင့် အသက် (၄၀) နှင့် (၅၀) ကျော်အရွယ်များတွင် ပို၍ သတိထားသည်ကို တွေ့ရပါသည်။ မရဏဿတိပွားများမှုသည် လောဘ၊ ဒေါသနှင့် တပ်မက်မှုများ လျော့နည်း စေကာ မေတ္တာတရား၊ ကရုဏာတရား၊ သီလစောင့်ထိန်းမှု၊ ဒါနကုသိုလ်ပြုမှုနှင့် ဘဝ၏မတည် မြဲမှုအပေါ် နားလည်မှုတို့ကို တိုးတက်စေကြောင်း တွေ့ရှိရပါသည်။ သို့သော် ပါဝင်ဖြေဆိုသူ အများစု၏ နားလည်မှုမှာ သံဝေဂအဆင့်တွင်သာ ရပ်တန့်နေပြီး ဝိပဿနာ အဆင့် နှင့် လက်တွေ့ ဘာဝနာကျင့်စဉ်ပိုင်းတွင် အားနည်းနေသေးကြောင်း တွေ့ရှိရပါသည်။ (င) ဤသုတေသနမှ မရဏဿတိသည် အသက်အရွယ်ကြီးသောအခါ သေခါနီးအခါမှသာ ဆင်ခြင်ရမည့်တရား မဟုတ်မူ၍ နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးသင့်သော ဘာဝနာနည်းလမ်း တစ်ရပ်ဖြစ်ပါသည်။ မရဏဿတိပွားများခြင်းသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ ကိုယ်ကျင့်သီလ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိတို့ဘဝကို အဓိပ္ပာယ်ရှိစွာ နေထိုင်လိုသော စိတ်ထားတို့ကို တိုးတက်စေကြောင်း တွေ့ရှိရပါ သည်။

Read Full Paper