Skip to main content
Back to Full Papers

Proceedings

Paper 03

Student Conference on Religion and Peace
Saturday, 29 August 2026

Paper 03

မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ၏ LGBT များအပေါ် အမြင်များကို ဗုဒ္ဓစာပေ အခြေပြု၍ ထေရဝါဒရှုထောင့်မှ လေ့လာခြင်း

စာတမ်းအနှစ်ချုပ် (Abstract)

ဤစာတမ်းသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း LGBT များအပေါ် ခွဲခြားဆက်ဆံမှုများနှင့် အယူအဆ အလွဲများရှိနေခြင်းကို အခြေခံ၍ မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ အမြင်များနှင့် ဗုဒ္ဓစာ ပေလာ အယူအဆများအကြား တူညီမှု ရှိ၊ မရှိ ဆန်းစစ်ရန် ရည်ရွယ်ပြုလုပ်ထား ပါသည်။ သုတေသန နည်းလမ်းအနေဖြင့် အရေအတွက်နှင့် အရည်အသွေး (Mixed Methods) ပေါင်းစပ် အသုံးပြုထား၍၊ ရဟန်းတော်များ၊ အမျိုးသား၊ အမျိုးသမီး နှင့် LGBT စုစုပေါင်း (၁၆၁) ဦးကို အွန်လိုင်း စစ်တမ်းကောက် ယူခြင်းနှင့် ရဟန်းတော်၊ အမျိုးသား၊ အမျိုးသမီးနှင့် LGBT စုစုပေါင်း(၄၀) ဦးကို နောက်ဆက်တွဲလူတွေ့ အင်တာဗျူးမေးမြန်းခြင်းများ ပြုလုပ်၍ အချက်အလက်များ စုဆောင်းခဲ့ပါသည်။ လေ့လာတွေ့ရှိ ချက်များအရ ဗုဒ္ဓဘာသာဝင် အများစုသည် သာသနာ့ဘောင်ဝင်ခွင့် ကန့်သတ် ချက်များနှင့် အတိတ်ကံ အပေါ် ယုံကြည်လက်ခံမှုများတွင် ဗုဒ္ဓစာပေနှင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ၏ အမြင်သည် တူညီမှုရှိ သော်လည်း၊ လက်တွေ့ လူမှုပတ်ဝန်းကျင်၌ ဆက်ဆံနေသည့် အပြုအမူများ တွင်လည်းကောင်း ဗုဒ္ဓစာ ပေလာ အယူအဆများနှင့် လူတို့၏ အမြင်များအကြား တူညီမှုမရှိဘဲ ကွာဟချက်များ ရှိနေသေးကြောင်း သုတေသနရလဒ်များအဖြစ် တွေ့ရှိရပါသည်။ အချုပ်အားဖြင့် ဗုဒ္ဓအဆုံးအမတရားများအရ လူတစ်ဦး၏ တန်ဖိုးသည် လိင်အမျိုးအစားပေါ် မူတည်ခြင်းမရှိသော်လည်း လက်တွေ့တွင် အသိပညာ အားနည်းမှုနှင့် ရှေးရိုးအစွဲများကြောင့် ခွဲခြားမှုများရှိနေသေးကြောင်း ကောက်ချက်ချပါသည်။ ထို့ကြောင့် ငြိမ်းချမ်း၍ ခွဲခြားဆက်ဆံမှုကင်းသော လူ့အဖွဲ့အစည်းဖြစ်လာစေရန် သံဃာတော်များ၊ မီဒီယာများနှင့် ပညာရေး ကဏ္ဍတို့မှ မှန်ကန်သော အသိပညာပေးမှုများ ပြုလုပ်ရန်နှင့် LGBT များကိုယ်တိုင်ကလည်း လူမှုပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ရန် လိုအပ်ကြောင်း ဤစာတမ်းဖြင့် လေ့လာတင် ပြထားပါသည်။

နိဒါန်း

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာသည် လူထု၏ နေ့စဉ်ဘဝနှင့် တွေးခေါ်မှုများအပေါ် တိုက်ရိုက်လွှမ်း မိုးလျက်ရှိပြီး ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ LGBT အသိုက်အဝန်းသည်လည်း လူ့အဖွဲ့အစည်း အတွင်း ပိုမိုထင်ရှားစွာ တည်ရှိလှုပ်ရှားလာကြပါသည်။ သို့ရာတွင် ရှေးရိုးစွဲအယူအဆများနှင့် သဘော ထားကွဲလွဲမှုများကြောင့် LGBT များအပေါ် နားလည်မှုလွဲမှားခြင်း၊ ကဲ့ရဲ့လှောင်ပြောင်ခြင်းနှင့် အထင်သေး ရှုံ့ချခြင်းများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည်။ ယင်း၏ အကျိုးဆက်အဖြစ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ရာထူးဌာနန္တရများတွင် ဖုံးကွယ်ထားသော ခွဲခြားဆက်ဆံမှုမှသည် ပေါ်တင်ခွဲခြားဆက်ဆံ မှုများအထိ ကြုံတွေ့ရပြီး LGBT များ၏ မူလလူ့အခွင့်အရေးများ များစွာ ဆုံးရှုံးလျက်ရှိပါသည်။ ထို့ပြင် မိဘဆွေမျိုးများ၏ ဖိအားပေး အကြမ်းဖက်ခံရမှုများ၊ မီဒီယာနှင့် ရုပ်ရှင်များတွင် ဟာသဇာတ်ကောင် သို့မဟုတ် သီးသန့်အလုပ်အကိုင်များ၌သာ ပုံသေကားချပ် သရုပ်ဖော်ခံရမှုများအပြင် ကျန်းမာရေးနယ် ပယ်တွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်အဖြစ် မှားယွင်းစွာ သတ်မှတ်ခံရခြင်းများပါ ကြုံတွေ့နေကြရပါ သည်။

ထေရဝါဒဗုဒ္ဓစာပေများ၌ လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် ပတ်သက်၍ “ပဏ္ဍက၊ ဥဘတောဗျဉ္ဇနကနှင့် နပုံသက” ဟူသော ဝေါဟာရများဖြင့် ဖော်ပြထားပြီး ဝိနည်းပိဋကတ်တော်များတွင် သံဃာ့အဖွဲ့အစည်း၏ သန့်ရှင်းတည်တံ့ရေးနှင့် အများပြည်သူ၏ ကြည်ညိုမှုကို ထိန်းသိမ်းရန် ရဟန်းခံခွင့်၊ ရှင်ပြုခွင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းထားပါသည်။ သို့သော် လူမှုရေးနယ်ပယ်၌ အဆိုပါ ကန့်သတ်ချက်များကို အလွဲသုံးစားပြုကာ LGBT များကို ခွဲခြားဆက်ဆံရန်နှင့် အားနည်းသူများအဖြစ် လှောင်ပြောင်ရန် အကြောင်းပြချက်အဖြစ် သုံးစွဲနေကြသည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် LGBT ဖြစ်တည်မှုကို အတိတ်ဘဝက ကာမေသုမိစ္ဆာစာရကံ၏ အကျိုးပေးအဖြစ် ယူဆကာ မေတ္တာ၊ ကရုဏာဖြင့် သနားစာနာမှု ရှိကြသော်လည်း အခြားတစ်ဖက်တွင်မူ ယခုဘဝ၌ ကာမဂုဏ် အလွန်အကျွံ လိုက်စားသူ များအဖြစ် မှားယွင်းစွာ စွပ်စွဲသည့် အမြင်နှစ်ခွ ကွဲပြားလျက်ရှိသည်။ ထို့အပြင် အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ဗြဟ္မဏဝဂ်၊ ပလောကသုတ်၌ ပါရှိသော “မိစ္ဆာဓမ္မ” (မှောက်မှားသော အကျင့်ဖြစ်သည့် လိင်တူတပ်မက်ခြင်း) ဟူသည့် အသုံးအနှုန်းကိုလည်း (အံ၊ ၃၊ နှာ၊ ၁၅၉။) မြန်မာ့လူ့အဖွဲ့အစည်းက LGBT များ၏ ပုံမှန်ဘဝနေထိုင်မှုအပေါ် မှားယွင်းစွာ ကောက်ချက်ချ၍ ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးသက် သက်အဖြစ်သာ ရှုမြင် ဆက်ဆံနေကြသည်။

ထို့ကြောင့် ဤစာတမ်းသည် မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ LGBT များအပေါ် ထားရှိသော အမြင်များနှင့် စစ်မှန်သော ဗုဒ္ဓစာပေလာ အဆုံးအမများအကြား တူညီမှု ရှိ၊ မရှိကို စနစ်တကျ လေ့လာ ဆန်းစစ်ရန် ရည်ရွယ်ရေးသားရခြင်းဖြစ်ပါသည်။ ရှေးရိုးစွဲ အယူအဆအလွဲများကို ဗုဒ္ဓစာပေနှင့် ညှိနှိုင်းစိ စစ်ပေးခြင်းဖြင့် ဘာသာရေးဆိုင်ရာ အတွေးအခေါ်မှန်များကို ပေးစွမ်းနိုင်မည်ဖြစ်၍ ဘာသာရေး နှင့် လူမှုရေးကဏ္ဍနှစ်ခုလုံးတွင် အထူးပင် အရေးပါလှပါသည်။ ဤစာတမ်း၏ ကန့်သတ်ချက်အနေဖြင့် LGBT အရေးကို ဗုဒ္ဓပိဋကတ်တော်များ အခြေခံ၍ ထေရဝါဒဗုဒ္ဓဘာသာ ရှုထောင့်တစ်ခုတည်းမှသာ အဓိကထား လေ့လာထားခြင်းဖြစ်ပြီး အခြားဂိုဏ်းကွဲများ သို့မဟုတ် အခြားဘာသာရေး အမြင်များကို ကိုယ်စားပြုမည် မဟုတ်ပေ။ ထို့အပြင် ဗုဒ္ဓပိဋကတ်တော်လာ ရှေးဟောင်းပါဠိ အသုံးအနှုန်းများ (ပဏ္ဍက၊ ဥဘတော ဗျဉ္ဇနက၊ နပုံသက) ကိုလည်း ခေတ်သစ် LGBT ဝေါဟာရများနှင့် တိုက်ရိုက်နှိုင်းယှဉ် ထားခြင်းမျိုး မဟုတ် ဘဲ အမြင်နှင့်စာပေအကြား တူညီမှုရှိ၊ မရှိကိုသာ လေ့လာထားခြင်းဖြစ်ပါသည်။

စာပေသုံးသပ်ချက်

လူမှုအဖွဲ့အစည်းတွင် ဘာသာရေးယုံကြည်မှုများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ လိင်သဘာဝနှင့် လူမှု ဆက်ဆံရေးစနစ်များသည် လူသားတို့၏ ဖြစ်တည်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါ သည်။ ထိုအကြောင်းအရာများကို ထိရောက်စွာ တင်ပြနိုင်ရန် LGBT ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ဗုဒ္ဓစာပေလာ “ပဏ္ဍက၊ ဥဘတောဗျဉ္ဇနကနှင့် နပုံသက”တို့၏ သဘောသဘာဝများကို ရှေးဦးစွာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် လိုအပ်ပါသည်။ မျက်မှောက်ခေတ် အခေါ်အဝေါ်အရ LGBT ဆိုသည် မှာ Lesbian (လိင်တူဆက်ဆံသည့် အမျိုးသမီး)၊ Gay (လိင်တူဆက်ဆံသူ အမျိုးသား)၊ Bisexual (လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသူ)၊ Transgender (မွေးရာပါလိင်နှင့် မိမိခံယူထားသောလိင် ကွဲလွဲနေသူ သို့မဟုတ် လိင်ပြောင်းထားသူ) တို့ကို ကိုယ်စားပြုပြီး၊ နောက်ပိုင်းတွင် လူမှုသိပ္ပံပညာရပ်များ ကျယ်ပြန့်လာသည်နှင့်အမျှ Queer, Questioning, Intersex, Asexual စသည်တို့ကိုပါ ထည့်သွင်း၍ LGBTQIA ဟု ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာကြသည်။ (ဗုဒ္ဓဝါဒနှင့် ကျား/မ ပြဿနာ)။

ယင်းခေတ်သစ်ဝေါဟာရများနှင့် အနီးစပ်ဆုံး အဓိပ္ပါယ်တူညီသည့် ဗုဒ္ဓစာပေလာ အသုံးအနှုန်းများတွင် ပဏ္ဍုက် (Pandaka) ဟူသော စကားရပ်ကို အဓိကတွေ့ရသည်။ ဝိနည်းမဟာဝါပါဠိတော်တွင် ပဏ္ဍုက်ငါး မျိုးခွဲခြားပြဆိုထားရာ (၁) အာသိတ္ထပဏ္ဍုက် (သူတစ်ပါး၏ သုက်သွေးကို မျိုချခြင်းဖြင့် သာယာမှုရသူ)၊ (၂) ဥဿူယကပဏ္ဍုက် (သူတစ်ပါး လိင်ဆက်ဆံသည်ကို ကြည့်ရှုခြင်းဖြင့် သာယာမှုရသူ)၊ (၃) ဩပက္ကမိ ကပဏ္ဍုက် (ဝှေးစေ့ကို သင်းကွပ်ဖယ်ရှားထားသူ)၊ (၄) ပက္ခပဏ္ဍုက် (လဆုတ်ပက္ခ တွင် လိင်စိတ်ပြင်း ပြပြီး လဆန်းပက္ခတွင် လိင်စိတ်ကင်းမဲ့သူ)၊ နှင့် (၅) နပုံသကပဏ္ဍုက် (မွေးရာပါ အင်္ဂါဇာတ် ထင်ထင်ရှား ရှား မပါရှိသူ) တို့ဖြစ်ကြသည်။ (ဝိ။ ဋ္ဌ။ ၃၊ နှာ၊ ၂၉၇။) ၎င်းအပြင် ဥဘတောဗျဉ္ဇနက (ဥဘတောဗျည်း - လိင်အင်္ဂါနှစ်မျိုးလုံးပါရှိသူ) အနေဖြင့် ဣတ္ထိဥဘတောဗျဉ္ဇနက (အမျိုးသမီးသဘာဝ အားကြီးသူ) နှင့် ပုရိသဥဘတောဗျဉ္ဇနက (အမျိုးသားသဘာဝ အားကြီးသူ)ဟူ၍ နှစ်မျိုးခွဲခြားပြဆိုထားပါသည်။ (ဝိ - သင်္ဂဟ။ ဋ္ဌ၊ နှာ၊ ၁၄၆။)

ဤဝေါဟာရများသည် ယနေ့ခေတ် LGBT အားလုံးကို အတိအကျ (One-to-one mapping) ကိုယ်စား မပြုနိုင်သော်လည်း၊ မြတ်စွာဘုရားရှင် လက်ထက်တွင် ထိုသူများနှင့် သဏ္ဍာန်တူသော ပုဂ္ဂိုလ်များ ရှိခဲ့ကြောင်း သက်သေပြနေပါသည်။ အထင်ရှားဆုံး သာဓကတစ်ခုမှာ ဓမ္မပဒအဋ္ဌကထာလာ သောရေယျ သူဌေးသား ဇာတ်ဝတ္ထုဖြစ်ပြီး၊ ရှင်မဟာကစ္စာယနမထေရ်အား စိတ်ပြစ်မှားမိ၍ အမျိုးသမီးအဖြစ် ပြောင်းလဲသွားခဲ့ကာ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်၍ အမျိုးသားဘဝသို့ ရောက်ရှိပြီး ရဟန်းပြု ကာ ရဟန္တာဖြစ်သွားခဲ့သည်။ (ဓမ္မပဒ၊ဋ္ဌ။၁၊နှာ၊၂၀၇။)။ ဤဝတ္ထုသည် လိင်အမျိုးအစား ပြောင်းလဲ ခြင်းသည် တရားထူးရရှိရန် အဟန့်အတား မဟုတ်ကြောင်း ခိုင်မာစွာ သက်သေပြနေပါသည်။

LGBTအဖြစ် မွေးဖွားလာရခြင်း၏ အကြောင်းတရားများနှင့် ပတ်သက်၍ ဗုဒ္ဓစာပေတွင် ဣသိဒါသီ ထေရီမလောင်းဝတ္ထုနှင့် အရှင်အာနန္ဒာ မထေရ်မြတ်တို့၏ သံသရာဖြစ်စဉ်များအရ အတိတ်ဘဝက ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကြောင့် ဥဘတောဗျည်း သို့မဟုတ် နပုံးပဏ္ဍုတ်အဖြစ် မွေးဖွားရခြင်း စသည့် အကျိုးဆက်များကို ပြဆိုထားသည်။ (ထေရီ၊ဋ္ဌ၊နှာ၊၂၆၇။/ခုဒ္ဒက၊ဋ္ဌ၊နှာ၊၂၄။) ထို့ကြောင့် မြန်မာဗုဒ္ဓ ဘာသာဝင်များကြားတွင် LGBT ဖြစ်တည်မှုကို ဤကံ၏ အကျိုးဆက်အဖြစ် အဓိကယူဆကြသော်လည်း၊ သတ္တကနိပါတ် သံယောဂသုတ် ဟောကြားချက်များအရ လိင်ဖြစ်တည်လာခြင်း (ဣတ္ထိဘာဝ၊ ပုရိသဘာဝ )သည် ကံတစ်ခုတည်းကြောင့် မဟုတ်ဘဲ မိမိစိတ်အစဉ်၌ ကိန်းအောင်းနေသော စရိုက်နှင့် ဆန္ဒ (လိုလားတောင့်တမှု)တို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ကြောင်း ပြဆိုထားပါသည်။ (အံ၊ ၂၊ နှာ၊ ၄၄၀။)

အဘိဓမ္မာဒေသနာတော်များအရ ယင်းပုဂ္ဂိုလ်များသည် အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသူများ (အဟိတ်ပုဂ္ဂိုလ်) ဖြစ်သဖြင့် ယခုဘဝတွင် ဈာန်၊ မဂ်၊ ဖိုလ် မရနိုင်ဘဲ နတ်ပြည်သို့သာ ရောက်နိုင်သည်ဟုဆိုသည်။ (သာရတ္ထ၊ ဋီ၊ ၃။ ၂၅၇။) ဝိနည်းတော်တွင် ပဏ္ဍုက်များကို သာသနာ့ဘောင် ဝင်ခွင့်ကန့်သတ်ခြင်းသည်လည်း မူလအစကတည်းက ပညတ်ခဲ့ခြင်းမဟုတ်ဘဲ သာသနာတော်အတွက် မျက်နှာပျက်စရာ ပြုလုပ်လာသော ပဏ္ဍုက်အချို့ကြောင့် အများ၏ကဲ့ရဲ့မှုကို ကာကွယ်ရန်ဖြစ်၍၊ ခွဲခြားဆက်မှုမျိုးမဟုတ်ဘဲ စည်းကမ်းအဖြစ် ပညတ်ခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဖက် တွင်လည်း မဇ္ဈိမနိကာယ်လာ ဝါသေဋ္ဌသုတ်နှင့် မဓုရသုတ်တို့တွင် လူတစ်ဦး၏ တန်ဖိုးသည် ဇာတ်အနွယ်၊ လိင်အမျိုးအစားပေါ် မမူတည်ဘဲ ကိုယ်ကျင့်စာရိတ္တ (ကံတရား - အပြုအမူ) အပေါ်၌သာ မူတည်ကြောင်း ဟောကြားထားပြီး (မ၊၂၊နှာ၊၄၀၆။/မ၊၂၊နှာ၊၂၇၀။)၊ ဗြဟ္မဝိဟာရတရား (၄) ပါးသည်လည်း သတ္တဝါအပေါ် ခွဲခြားဆက်ဆံမှု မရှိဘဲ အညီအမျှ ဆက်ဆံရန် လမ်းညွှန်ထားရာ ဗုဒ္ဓဝါဒသည် ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုကို ပေးစွမ်းသော ဝါဒဖြစ်ကြောင်း ထင်ရှားပါသည်။ (ဝိသုဒ္ဓိ၊ ၁၊ နှာ၊ ၁၀၇။)

ဘာသာရေးနှင့် လိင်စိတ်ကွဲပြားမှုဆိုင်ရာ ဆက်စပ်သုတေသနများကို လေ့လာရာတွင် ဟာဗေး (Harvey, 2000) ၏ သုတေသန၌ ဗုဒ္ဓဘာသာတွင် လိင်တူဆက်ဆံမှုအပေါ် တစ်ပြေးညီ သတ်မှတ်ထားသော အမြင်မရှိကြောင်းတွေ့ရသည်။ ဝိနည်းအရ ရဟန်းများ၏ လိင်တူ/လိင်ကွဲ ဆက်ဆံမှုအားလုံးကို တန်းတူအပြစ်ပေး သော်လည်း ပဏ္ဍုက်များကို သာသနာ့ဘောင်ဝင်ခွင့် ကန့်သတ်ထားကာ နိုင်ငံနှင့် ယဉ်ကျေးမှုအလိုက် လက်ခံမှု၊ ပယ်ချမှု အမျိုးမျိုး ကွဲပြားကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ချန်း (Cheng, 2018) ၏ စာတမ်းတွင် ဗုဒ္ဓဘာသာသည် LGBT များအပေါ် ကရုဏာထားရှိပြီး ခွဲခြားဆက်ဆံမှု ကင်းမဲ့ကာ LGBT ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၏ တန်းတူညီမျှမှုတရားနှင့် သီလစောင့်ထိန်းမှုများ မှတစ်ဆင့် မိမိကိုယ်ကို လက်ခံယုံကြည်မှု (Self-acceptance) ရရှိကြကြောင်း ပြဆိုထားပါသည်။ ရှယ်ရာ (Scherer, 2021) ၏ လေ့လာမှုတွင် သမိုင်းတစ်လျှောက်နှင့် ယနေ့ခေတ် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများ၌ လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် လက်ခံမှုများ ရောထွေးနေသေးကြောင်း ထောက်ပြထား သည်ကို တွေ့ရသည်။ ဂျက်ဆင် (Jackson, 1995) ၏ သုတေသနတွင်လည်း ရှေးရိုးစွဲ အမြင်များက လိင်တူချစ်သူဖြစ်ခြင်းကို အတိတ်ဘဝ ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက်အဖြစ် သီးသန့်ပုံဖော် ပြဆိုလေ့ရှိကြောင်း တွေ့ရှိရသည်။ အထက်ပါအကြောင်းအရာများကို စာတမ်းရေးသားရာတွင် အရေအတွက်နှင့် အရည်အသွေး (Mixed Methods) ပေါင်းစပ် အသုံးပြုထား၍၊ ရဟန်းတော်များ၊ အမျိုးသား၊ အမျိုးသမီး နှင့် LGBT စုစုပေါင်း (၁၆၁) ဦးကို အွန်လိုင်း စစ်တမ်းကောက်ယူခြင်းနှင့် ရဟန်းတော်၊ အမျိုးသား၊ အမျိုးသမီးနှင့် LGBT စုစုပေါင်း(၄၀) ဦးကို နောက်ဆက်တွဲလူတွေ့ အင်တာဗျူးမေးမြန်းခြင်းများပြုလုပ်၍ အချက်အလက်များ စုဆောင်းကောက်ယူခဲ့ပါသည်။

စာတမ်းတွေ့ရှိချက်နှင့် ဆွေးနွေးချက်

အွန်လိုင်းစစ်တမ်း ဖြေဆိုသူ (၁၆၁) ဦး၏ ၇၅ ရာခိုင်နှုန်းကျော်က LGBT ဖြစ်တည်မှုကို မွေးရာပါ လိင်စိတ်ခံယူမှု ကွဲပြားသူများအဖြစ် သဘောတူလက်ခံကြပြီး လူ့အခွင့်အရေး အပြည့်အဝ ပေးအပ်သင့် ကြောင်း ဖြေဆိုထားကြပါသည်။ အင်တာဗျူး ဖြေဆိုချက်များတွင်လည်း လူသားချင်းစာနာမှု၊ တန်းတူညီ မျှရေးနှင့် လူ့အခွင့်အရေး ရှုထောင့်များမှနေ၍ “လူသားထဲကလူ” အဖြစ် လက်ခံကြသည်ကို တွေ့ရှိရ သည်။ ထို့အပြင် ဗုဒ္ဓဘာသာ၏ ကံ၊ ကံ၏အကျိုး သဘောတရားအရ အတိတ်ကံကြောင့်သော်လည်း ကောင်း၊ မွေးရာပါ သဘာဝဗီဇကြောင့်သော်လည်းကောင်း ဖြစ်တည်လာရသည်ဟု နားလည် ထားကြပါ သည်။

သို့သော် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍မူ စစ်တမ်းနှင့် အင်တာဗျူး ရလဒ်များအကြား ကွဲလွဲမှုများ ရှိနေသည်ကို ထင်ရှားစွာ တွေ့ရပါသည်။ စစ်တမ်းရလဒ်များ၌ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနယ် ပယ်များတွင် ပေါ်တင်ခွဲခြားဆက်ဆံခြင်းမရှိဟု အများစုက ဖြေဆိုကြသည်။ အင်တာဗျူးရလဒ်များ၌မူ ရာထူးဌာနန္တရနေရာများ၊ ပညာရေး၊ လုပ်ငန်းခွင်၊ နိုင်ငံရေး၊ သာသနာ့နယ်မြေ (စေတီပုထိုးများ၊ ရဟန်းခံခြင်း)၊ အများပြည်သူဆိုင်ရာ နေရာများနှင့် ဆိုရှယ်မီဒီယာများ အပါအဝင် နေရာတိုင်းနီးပါးတွင် ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်ကြောင်း ဖြေဆိုကြသည်။ ဤရလဒ်နှစ်ခု မတူညီမှုကို ထောက်ရှုခြင်းအား ဖြင့် မျက်မှောက်ခေတ်တွင် ပေါ်တင်ခွဲခြားဆက်ဆံမှုများ လျော့နည်းသွားသယောင်ရှိသော်လည်း၊ လက်တွေ့မြေပြင်နှင့် ဆိုရှယ်မီဒီယာများတွင် သွယ်ဝိုက်သော ခွဲခြားဆက်ဆံမှုများ ကြီးမားစွာ တည်ရှိနေ ဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဘာသာရေးနှင့် သက်ဆိုင်သော သာသနာ့ဘောင်သို့ ဝင်ခွင့်ပြုရန် ကိစ္စရပ်တွင် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းခန့်က ပြတ်သားစွာ လက်မခံကြောင်း တွေ့ရပါသည်။ ဤသည်မှာ မြန်မာဗုဒ္ဓဘာသာဝင်များ၏ သံဃာ့အဖွဲ့အစည်းနှင့် ဝိနည်းတော်အပေါ် ထားရှိသော အထူးရိုသေကိုင်းရှိုင်းမှုကို ထင်ဟပ်စေပါသည်။ သာသနာ့ဘောင်ဝင်ခွင့် ကန့်သတ်ချက်နှင့် ပတ်သက်၍ ဗုဒ္ဓစာပေများ၌ ပဏ္ဍုတ်အချို့ကို သာသနာ့ ဘောင်ဝင်ခွင့် ပြုထားသော်လည်း ဩပက္ကမိကပဏ္ဍုတ်၊ နပုံသကပဏ္ဍုက်၊ ဥဘတောဗျဉ္ဇနက တို့ကို လုံးဝခွင့်မပြုထားကြောင်းနှင့် ယောက်ျားစင်စစ်ဖြစ်မှသာ ရဟန်းပြုခွင့်ပေးထားကြောင်း တွေ့ရှိရသည်။ ဤအချက်သည် မြန်မာဗုဒ္ဓဘာသာဝင် အများစု၏ LGBT များအပေါ် သာသနာ့ဘောင်ဝင်ရန် လက်မခံသင့်ဟူသော အမြင်နှင့် အတိအကျတူညီနေပါသည်။ တရားထူးရနိုင်မှု အခြေအနေနှင့် ပတ်သက် ၍ ဗုဒ္ဓစာပေလာ အယူအဆများ၌ LGBT များ (ပဏ္ဍက၊ ဥဘတောဗျဉ္ဇနက၊ နပုံသက) သည် ယခုဘဝတွင် မဂ်၊ ဖိုလ် မရနိုင်သော်လည်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းဖြင့် နတ်ပြည်အထိ ရောက်ရှိနိုင်သည်ဟု ဆိုပါသည်။ ထို့အတူ ထေရဝါဒဗုဒ္ဓဘာသာဝင်များကလည်း LGBT ဖြစ်တည်မှုကို အတိတ်ကံ၏ အကျိုးဆက်ဟု နားလည်ထားကြပြီး၊ ၎င်းတို့သည် ကုသိုလ်ကောင်းမှုများကို တန်းတူပြုခွင့်ရှိကာ တရားထူးများလည်း တန်းတူရနိုင်သည်ဟု ယုံကြည်ထားကြသဖြင့် ဗုဒ္ဓတရားတော်နှင့် ခေတ်သစ်အမြင် များ ကိုက်ညီမှုရှိကြောင်း သုံးသပ်ရရှိပါသည်။

စာတမ်းမှတွေ့ရှိသော အချက်အလက်များကို ခိုင်လုံမှုရှိစေရန် ယခင်ပညာရှင်များ၏ ဆက်စပ်သုတေသန (၄) စောင်နှင့် အောက်ပါအတိုင်း ဆွေးနွေးတင်ပြပါမည်။ LGBT များကို သာသနာ့ဘောင်သို့ ဝင်ခွင့်ပြုရန် လူအများစုက သဘောမတူကြောင်း တွေ့ရှိရမှုသည် Harvey (2000) ၏ "ဝိနည်းတော်အရ ပဏ္ဍကများကို သာသနာဘောင်ဝင်ခွင့် တားမြစ်ထားသည်" ဆိုသည့် သုတေသနတွေ့ရှိချက်နှင့် အတိအကျတူညီနေ သဖြင့် ဤအချက်ကို ပိုမိုခိုင်လုံစေပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓတရားတော်များကို လိင်ခွဲခြားမှုမရှိသော မေတ္တာ၊ ကရုဏာတရားအဖြစ် နားလည်ထားကြပြီး ရုပ်ပိုင်းဆိုင်ရာထက် စိတ်နေ သဘောထား ဖြူစင်မှုကိုသာ အဓိကထားကြောင်း တွေ့ရသည်။ ဤအချက်သည် Cheng (2018) ၏ "ဗုဒ္ဓဘာသာသည် LGBT များအပေါ် ကရုဏာထားမှုရှိပြီး၊ တန်းတူညီမျှမှု တရားနှင့် စိတ်စေတနာကို အခြေခံသော သီလစောင့်ထိန်းမှုအပေါ် မူတည်သည်" ဆိုသည့် အချက်နှင့် လုံးဝကိုက်ညီနေပါသည်။ LGBT ဖြစ်တည်လာခြင်းကို အတိတ်ဘဝက “ကာမေသုမိစ္ဆာစာရကံ”၏ အကျိုးဆက်အဖြစ် နားလည် ထားကြပြီး ခွဲခြားဆက်ဆံမှု မပြုလိုဘဲ နားလည်မှုရှိကြောင်း တွေ့ရသည်။ ဤအချက်သည် Jackson (1995)၏ “ရှေးရိုးစွဲအမြင်များက လိင်တူချစ်သူဖြစ်ခြင်းကို အတိတ်ဘဝက ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆကာ LGBT များအပေါ် စာနာမှုပြသည်" ဆိုသည့် လေ့လာချက်နှင့် ထပ်တူကျလျက်ရှိပါသည်။ စစ်တမ်းများအရ လူအများက မိမိတို့ကိုယ်တိုင် ခွဲခြားဆက်ဆံမှုမရှိဟု ဆိုသော်လည်း၊ အင်တာဗျူးများ၌ လက်တွေ့ပတ်ဝန်းကျင်တွင် ခွဲခြားလှောင်ပြောင်မှုများ ကျယ်ကျယ် ပြန့်ပြန့် ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ လက်ခံမှုနှင့် ခွဲခြားဆက်ဆံမှု ဒွန်တွဲနေသည့် အခြေအ နေသည် Scherer (2021) ၏ "ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများတွင် လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံ မှုများနှင့် လက်ခံမှုများ ရောထွေးနေသည်" ဟူသော သုံးသပ်ချက်ကို အခိုင်အမာ ပံ့ပိုးပေးလျက်ရှိပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဗုဒ္ဓဝါဒဒဿနရှုထောင့်မှ အမြင်များ၌ ဗုဒ္ဓ၏တရားတော်များသည် ခွဲခြားဆက် ဆံခြင်းကင်းမဲ့ကြောင်းနှင့် LGBT ဖြစ်တည်မှုကို လက်ခံခြင်းသည် ဗုဒ္ဓ၏ မေတ္တာ၊ ကရုဏာ တရားတော် များနှင့် အပြည့်အဝ ကိုက်ညီကြောင်း အများစုက သဘောတူလက်ခံထားကြပါသည်။ သို့ရာတွင် လက် တွေ့ မြေပြင်အခြေအနေဖြစ်သော လူမှုအသိုင်းအဝိုင်း၊ ပညာရေး၊ လုပ်ငန်းခွင်နှင့် ဘာသာရေးနယ်ပယ် အသီးသီးတို့တွင် လူအချို့က LGBT များကို နှိမ်ချခြင်း၊ လှောင်ပြောင်ခြင်း၊ ရှက်ခွဲခြင်းနှင့် ခွဲခြားဆက်ဆံ ခြင်းများကို ဆက်လက်ပြုလုပ်နေကြဆဲဖြစ်သည်ကို အင်တာဗျူးရလဒ်များက မီးမောင်းထိုးပြနေပါသည်။ ထို့ကြောင့် စာပေကျမ်းဂန်များမှ ညွှန်ပြနေသော “မေတ္တာ၊ ကရုဏာကို အခြေခံသည့် သဘောတရား (Theory)” နှင့် လက်တွေ့ပတ်ဝန်းကျင်၌ ကြုံတွေ့နေရသော “နှိမ်ချလှောင်ပြောင် ခွဲခြားဆက်ဆံမှုများ (Practice)” အကြားတွင် အလွန်ကြီးမားသော ကွာဟချက်များ ရှိနေဆဲဖြစ်ကြောင်း ထင်ရှားစွာ သုံးသပ် တွေ့ရှိရပါသည်။

နိဂုံးချုပ်နှင့် အကြံပြုချက်

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ အမြင်နှင့် ဗုဒ္ဓစာပေများအကြား နှိုင်းယှဉ်လေ့လာရာတွင် ဘာသာရေးရှုထောင့်ဖြစ်သော သာသနာ့ဘောင်ဝင်ခွင့် ကန့်သတ်ချက်များ နှင့် အတိတ်ကံအပေါ် ယုံကြည်လက်ခံမှုများ၌ ခိုင်မာသောတူညီမှုရှိသည်ကို တွေ့ရှိရပါသည်။ သို့သော် လက်တွေ့ လူမှုပတ်ဝန်းကျင်၌ နေ့စဉ်ဆက်ဆံနေသည့် အပြုအမူများတွင်မူ ဗုဒ္ဓ၏ မေတ္တာအခြေခံ အဆုံးအမများနှင့် လက်တွေ့လူမှုပတ်ဝန်းကျင်၌ ဆက်ဆံနေသည့် အပြုအမူများကြားတွင် ကွာဟချက် များ ကြီးမားစွာ ရှိနေသေးကြောင်း ပေါ်လွင်ပါသည်။ စင်စစ်အားဖြင့် ထေရဝါဒဗုဒ္ဓဘာသာ၏ အဆုံးအမ များသည် လူတစ်ဦး၏ တန်ဖိုးကို လိင်အမျိုးအစား၊ ရုပ်ရည်၊ ဇာတ်နိမ့်ဇာတ်မြင့် စသည်တို့ဖြင့် မဆုံးဖြတ် ဘဲ သီလ (ကိုယ်ကျင့်တရား)၊ သမာဓိ၊ ပညာနှင့် စိတ်နေသဘောထား ဖြူစင်မှုဖြင့်သာ တိုင်းတာသော ကြောင့် LGBT များအပါအဝင် လူသားအားလုံးအပေါ် လူသားချင်းစာနာ ထောက်ထားမှုနှင့် တန်းတူညီမျှ မှုကို အပြည့်အဝ ပေးထားပါသည်။ သို့သော် မြေပြင်တွင် အသိပညာနည်းပါးမှု၊ တရားတော်ကို အပေါ်ယံ သာ နားလည်မှုနှင့် ယဉ်ကျေးမှုအရ အမြစ်တွယ်နေသော ရှေးရိုးအစွဲများကြောင့် ခွဲခြားဆက်ဆံမှုများ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ဤစာတွေ့နှင့် လက်တွေ့ကြားရှိ ကွာဟချက်များကို ကျဉ်းမြောင်းစေရန်နှင့် ငြိမ်းချမ်းသာယာ သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ ပထမဦးစွာ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များက တရားဟောကြားရာတွင် ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက်ကိုသာ ပို၍ဟောကြားခြင်းထက်၊ ဗုဒ္ဓ၏ ဗြဟ္မဝိဟာရတရားများနှင့် တန်းတူညီမျှရေး သဘောတရားများကိုပါ မျှတစွာ ဟောကြားပေးရန် လိုအပ်ပါသည်။ ဒုတိယအနေဖြင့် မီဒီယာများနှင့် ရုပ်ရှင်အနုပညာရှင်များကလည်း LGBT များကို လူရယ်စရာ ဟာသဇာတ်ကောင်များအဖြစ်သာ သရုပ် ဖော်ခြင်းကို ရှောင်ကြဉ်ပြီး၊ ၎င်းတို့၏ ကြိုးစားအားထုတ်မှု၊ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုများကို ပေါ်လွင်စေမည့် မှန်ကန်သော အသိပညာပေးမှုများ၊ ဇာတ်ကောင်စရိုက်များ ဖန်တီးပေးရန် လိုအပ်ပါ သည်။ တတိယအနေဖြင့် ပညာရေးနှင့် အလုပ်ခွင်များတွင် လိင်စိတ်ခံယူမှုအပေါ်အခြေခံ၍ ခွဲခြားဆက်ဆံ ခြင်းကင်းရှင်းစေမည့် မူဝါဒများကို ချမှတ်ကျင့်သုံးသင့်ပါသည်။ နောက်ဆုံးအနေဖြင့် LGBT အသိုက်အ ဝန်း ကိုယ်တိုင်ကလည်း လူမှုပတ်ဝန်းကျင်၏ ယဉ်ကျေးမှုစံနှုန်းများနှင့် လိုက်လျောညီထွေစွာ နေထိုင် ခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားကာ ကိုယ်ကျင့်တရား ကောင်းမွန်စွာ နေထိုင်ပြခြင်းဖြင့် အပြန်အလှန် လေးစားမှုရှိသော လူ့ဘောင်အဖွဲ့အစည်းကို ဟန်ချက်ညီညီ ပူးပေါင်းတည်ဆောက်ရန် လိုအပ်ကြောင်း အလေးအနက် အကြံပြုတင်ပြအပ်ပါသည်။

ကျမ်းကိုးစာရင်း (References)

၁။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပလောကသုတ္တ။ ကမ္ဘာအေး၊ ရန်ကုန်။

၂။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ သံယောဂသုတ္တ။ ကမ္ဘာအေး၊ ရန်ကုန်။

၃။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ မဇ္ဈိမနိကာယ၊ ဝါသေဋ္ဌသုတ္တ။ ကမ္ဘာအေး၊ ရန်ကုန်။

၄။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ မဇ္ဈိမနိကာယ၊ မဓုရသုတ္တ။ ကမ္ဘာအေး၊ ရန်ကုန်။

၅။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ ဝိနယပိဋက၊ မဟာဝဂ္ဂအဋ္ဌကထာ။ ကမ္ဘာအေး၊ ရန်ကုန်။

၆။ ဗုဒ္ဓသာသနာအဖွဲ။ (၂၀၀၅)။ ဝိနယသင်္ဂဟအဋ္ဌကထာ။ ရန်ကုန်။

၇။ သာသနာရေးဦးစီးဌာန။ (၂၀၁၂)။ ဓမ္မပဒအဋ္ဌကထာ (ပ)၊ စိတ္တဝဂ္ဂ၊ သောရေယျထေရဝတ္ထု။ ရန်ကုန်။

၈။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ ထေရီအဋ္ဌကထာ၊ ဣသိဒါသီထေရီဝတ္ထု။ ကမ္ဘာအေး၊ ရန်ကုန်။]

၉။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ ခုဒ္ဒကပါဌအဋ္ဌကထာ။ ကမ္ဘာအေး၊ ရန်ကုန်။

၁၀။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ သာရတ္ထဒီပနီဋီကာ (တ)။ ကမ္ဘာအေး၊ ရန်ကုန်။

၁၁။ သာသနာရေးဦးစီးဌာန။ (၂၀၀၅)။ ဝိသုဒ္ဓိမဂ္ဂ (ပ)။ ကမ္ဘာအေး၊ ရန်ကုန်။

၁၂။ သိရီသုမင်္ဂလသာမိ၊ ဒေါက်တာ၊ အရှင်။ (၂၀၂၂)။ ဗုဒ္ဓဝါဒနှင့် ကျား/မ ပြဿနာ။ ကိုလတ်စာပေ၊ ရန်ကုန်။

ဆက်စပ်သုတေသန

၁။ Cheng, F. K. (2018). Being different with dignity: Buddhist inclusiveness of homosexuality.

၂။ Harvey, P. (2000). An Introduction to Buddhist Ethics: Foundations, Values and Issues.

၃။ Jackson, P. A. (1995). Thai Buddhist accounts of male homosexuality and AIDS in the 1980s.

၄။ Scherer, B. (2021). Queering Buddhist Traditions. Oxford Research Encyclopedia of Religion.

အရှင်ပညာသီရိ (M.A Thesis – 7)

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်(မန္တလေး)