Paper 10
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စည်းစိမ်ဥစ္စာ စီမံခန့်ခွဲမှုကို ဗုဒ္ဓဝါဒရှုထောင့်မှ လေ့လာခြင်း
ဤသုတေသနသည် မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စည်းစိမ်ဥစ္စာစီမံခန့်ခွဲမှု လက်တွေ့ကျင့် သုံးမှုပုံစံများကို ဗုဒ္ဓဝါဒလာ စီးပွားရေးဆိုင်ရာ အခြေခံမူများနှင့် နှိုင်းယှဉ်ဆန်းစစ်ရန် ရည်ရွယ်ပါ သည်။ အထူးသဖြင့် လူမှုစီးပွားနောက်ခံ အချက်အလက်များဖြစ်သော လိင်၊ အသက်၊ အလုပ် အကိုင်နှင့် ပညာအရည်အချင်းအပေါ် မူတည်၍ စည်းစိမ်ဉစ္စာ စီမံခန့်ခွဲမှုဆိုင်ရာ သဘောထားနှင့် လက်တွေ့ကျင့်သုံးမှုများ မည်သို့ ကွဲပြားခြားနားသည်ကို ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ဤလေ့လာမှုတွင် အရေအတွက်နှင့်အရည်အသွေးဆိုင်ရာ နည်းလမ်းနှစ်မျိုးကို အသုံးပြု ထားပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ဗုဒ္ဓဘာသာဝင် ၆၃ ဦးထံမှ စစ်တမ်း ကောက်ယူခဲ့ပြီး ၂၃ ဦးကို လူတွေ့မေးမြန်းခြင်း ပြုလုပ်ခဲ့ပါသည်။ သုတေသနအတွက် သိင်္ဂါလောဝါဒသုတ်နှင့် ကာမဘောဂီသုတ်တို့မှ ကောက်နုတ်ထားသော (၁) မိမိအတွက် သုံးစွဲခြင်း၊ (၂) သူတစ်ပါးအား မျှဝေခြင်း၊ (၃) ဉာဏ်ယှဉ်သုံးစွဲခြင်း၊ (၄) ရင်းနှီးမြှုပ်နှံခြင်းနှင့် (၅) စုဆောင်းခြင်းဟူသော စီမံခန့်ခွဲ မှု နည်းလမ်း (၅) ခုကို အခြေခံ၍ ဆန်းစစ်ခဲ့ပါသည်။ သုတေသနရလဒ်များအရ မြန်မာဗုဒ္ဓဘာသာ ဝင်တို့၏ စည်းစိမ်ဥစ္စာ စီမံခန့်ခွဲမှုများသည် "စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ကုသိုလ်မြှင့်တင်ရေးဝါဒ" အပေါ် ပိုမိုအခြေခံနေကြောင်း လေ့လာ တွေ့ရှိရသည်။ စုဆောင်းခြင်းသည် ပျမ်းမျှမှတ် (၄.၈၄) ဖြင့် လိုက်နာမှု အမြင့်ဆုံး နည်းလမ်းဖြစ်သည်။ အသက် ၄၀ အထက်နှင့် အမျိုးသမီးများတွင် အားအကောင်းဆုံးဖြစ်ပြီး ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်လိုသောသဘောကို ထင်ဟပ် စေသည်။ ဉာဏ်ယှဉ်သုံးစွဲခြင်းသည် ပျမ်းမျှမှတ် (၄.၅၂) ဖြင့် ဒုတိယ လိုက်နာမှု အကောင်းဆုံး ဖြစ်ပြီး ပညာအရည်အချင်း မြင့်မားသူများနှင့် ဝန်ထမ်းများတွင် ပိုမိုမြင့်မားသည်။ သူတစ်ပါးအား မျှဝေသုံးစွဲခြင်းသည် ပျမ်းမျှမှတ် (၄.၃၇) ရှိပြီး "မိမိအတွက် သုံးစွဲခြင်း" ထက် သိသိသာသာ မြင့်မားနေခြင်းက ဗုဒ္ဓဝါဒ၏ ဒါနတရား လွှမ်းမိုးမှုကို သက်သေပြနေသည်။ ရင်းနှီးမြှုပ်နှံခြင်းသည် ပျမ်းမျှမှတ် (၃.၉၈) သာရှိသဖြင့် စုဆောင်းခြင်းထက် လျော့နည်းနေပြီး ဘုရားဟော လမ်းညွှန် ချက် (ဥစ္စာ၏ ထက်ဝက်ကို ရင်းနှီး မြှုပ်နှံရန်) နှင့် လက်တွေ့အကြား ကွာဟချက် ရှိနေသည်။ မိမိအတွက် သုံးစွဲခြင်းသည် ပျမ်းမျှမှတ် (၃.၀၂) ဖြင့် လိုက်နာမှု အနိမ့်ဆုံးဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများ (၂.၆၉)တွင် အနိမ့်ဆုံး ဖြစ်နေပြီး မိသားစုနှင့် အများအကျိုးအတွက် အနစ်နာခံ လိုသောစရိုက်ကို တွေ့ရသည်။ မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စည်းစိမ်ဉစ္စာ စီမံခန့်ခွဲမှုသည် ကံ-ကံ၏အကျိုးနှင့် လူမှုကျင့်ဝတ်များအပေါ် ကျောရိုးပြုထားသဖြင့် စိတ်ပိုင်းဆိုင်ရာ မြင့်မြတ် သော်လည်း၊ တက်ကြွသောရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အားနည်းနေသေးသည်။ သို့ဖြစ်ပါ၍ ဒါန တရား တစ်ခုတည်းကိုသာ ဇောင်းပေးခြင်းထက် ဗုဒ္ဓဟောကြားခဲ့သော ဥစ္စာခွဲဝေနည်း (၄) စိတ် (၄) ပုံ စနစ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာများကို ခေတ်စနစ်နှင့်အညီ ပိုမို ဖြန့်ဝေပေး သင့်ကြောင်း အကြံပြုပါသည်။