Skip to main content
Back to Full Papers

Proceedings

Paper 09

2nd International Conference on Religion and Peace
Sunday, 30 August 2026

Paper 09

သတိပဋ္ဌာန်နည်းဖြင့် စိတ်ကျန်းမာရေး ရောဂါသောကကို ဖြေလျော့ခြင်း နည်းလမ်းကို လေ့လာခြင်း

နိဒါန်း

လူ့ဘဝဆိုသည်မှာ ပြဿနာ တစ်ခုပြီး တစ်ခု သင်ယူ ဖြေရှင်းရသော ခရီးစဉ် တစ်ခုပင် ဖြစ်ပါသည်။ အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတို့ဖြစ်ပါသည်။ ကမ္ဘာကြီး တိုးတက်လာသည်နှင့် အမျှ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည်လည်း ပို၍ပင်များပြားလာပါသည်။ ဖွံဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ အချိန်တိုင်း၌ စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားနေရဖွယ်ရာရှိပြီး ထိုစိုးရိမ်ပူပန်ပန်မှုသည် တခြားသော ရောဂါများထဲတွင် ပါဝင်နေကျ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါသည်ဟု သတိပဋ္ဌာန်ဦးနှောက်စာအုပ်တွင် ဖော်ပြထားပါသည်။ထို့ကြောင့် ဤစာတမ်း၌ သောကကို ဖြေလျော့သည့် နည်းလမ်းများကို လေ့လာ တင်ပြသွားမည် ဖြစ်ပါသည်။ သောကို ကျော်လွှားရန် နည်းလမ်းများစွာ ရှိသည့်အထဲမှ မြတ်ဗုဒ္ဓ၏ သတိပဋ္ဌာန် နည်းကို အခြေခံ၍ လေ့လာတင်ပြ သွားမည်ဖြစ်ပါသည်။ ပိဋကတ်စာပေ၌လာသော ဖြေရှင်းသည့် နည်းလမ်းများ၊ ခေတ်သစ်ပညာရှင်များ၏ နည်းလမ်းများကို အခြေခံ၍ လေ့လာ တင်ပြသွားမည် ဖြစ်ပါသည်။

သတိပဋ္ဌာန်

အသမ္မောသရသမမေ့ပျောက်ခြင်းကိစ္စဟု ဧကကနိပါတအဋ္ဌကထာ၌ဖွင့်ဆိုထားပါသည်။ မဟာဝဂ္ဂအဋ္ဌကထာ၌ သရဏဋ္ဌေ သတိ ဥပဋ္ဌာနဋ္ဌေန ပဋ္ဌာနံ-အာရုံကို အမှတ်ရခြင်းဟု ဘာသာပြန်ဆိုပါသည်။

သတိပဋ္ဌာန်ကို အင်္ဂလိပ်ဘာသာဖြင့် Mindfulness ဟု အများစု ဘာသာပြန် ဆိုကြပါသည်။ သတိကို အာရုံစိုက်မှု ဆိုသည့် အင်္ဂလိပ် စကားလုံးဖြင့် အသုံးပြုထားသည်ဟု သတိပဋ္ဌာန် ဦးနှောက်စာအုပ်၌အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်စာအုပ်၌ ဥပ-ဆိုသည်မှာ အာရုံနဲ့ကပ်ခြင်း၊ ဌာန- တည်နေခြင်း အာရုံပေါ်မှာ ကပ်ပြီး တည်နေသော သတိကို သတိပဋ္ဌာန်ဟု ဖွင့်ဆိုပါသည်။ ဗုဒ္ဓနည်းကျ စိတ်ကုထုံး စာအုပ်၌ မှတ်ဉာဏ် မှတ်သားမှုဟု ဖော်ပြပါသည်။ အတိက်ကာလ ဖြစ်ရပ်များကို မှတ်သားခြင်း ဟုလည်း အသုံးပြုပါသည်။ အာရုံပြုခြင်း သို့မဟုတ် သိတိပြုခြင်းဟုဆိုပါသည်။

သောက

သောကောတိ သောစနံ စိတ္တသန္တာပေါ အန္တောနိဇ္ဈာနန္တိ အတ္ထော- စိုးရိမ်ပူပန်ခြင်း၊ စိတ်၏ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို သောကဟု ဆိုပါသည်။ ပိဋကတ်စာပေ၌ သောက ဖြစ်ရခြင်း အကြောင်းသည် ဗျသနတရားငါးပါးကြောင့် ဖြစ်ရသည်ဟုလည်း ဖော်ပြထားပါသည်။

မဟာသတိပဋ္ဌာနသုတ်တော်လာ နည်းလမ်း

ဘုရားရှင်သည် သတိပဋ္ဌာန်လေးပါးကို စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်းခြင်း, ငိုကြွေးခြင်းတို့ကို ဖြေလျော့ ဖြေဖျောက်နိုင်ရန် တစ်ခုတည်းသော ဆေးဟု လမ်းညွှန်ထားသော်လည်း ဤစာမ်း၌ စိုးရမ်ပူပန်ခြင်းအတွက်ကိုသာ အသုံးချသွား မည်ဖြစ်ပါသည်။ မဟာသတိပဋ္ဌာနသုတ်၌ သတိပဋ္ဌာန်ကို လေးမျိုးဖြင့် ဖော်ပြထားပါသည်။ ယေဘုယျအားဖြင့် ၁-ကာယာနုပဿနာ - မိမိဘာလုပ်နေသည်ဆိုခြင်းကို သတိထားခြင်း၊ (၂)ဝေဒနာနုပဿနာ-ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော ချမ်းသာမှု ဆင်းရဲမှုကို သတိထားခြင်း၊ စိတ္တာနုပဿနာ-မိမိစိတ်ထဲတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို စိတ်အား ပြန်ကြည့် သတိထားခြင်း၊ ဓမ္မာနုပဿနာ-သဘောတရားများကို ဆင်ခြင် သတိထားခြင်း တို့ဖြစ်ပါသည်။ အဋ္ဌကထာ ဆရာကြီးများ၏ ဖွင့်ဆိုမှုများ၌ မပြင်းထန်လျှင် ကာယာနုပဿနာကိုအသုံးပြုရန်၊ ပြင်းထန်လျှင် ဝေဒနာနုပဿနာကိုအသုံးပြုရန်၊ မထက်မြက်သူဖြစ်လျှင် စိတ္တာနုပဿနာကို အသုံးပြုရန်၊ ထက်မြတ်သူဖြစ်လျှင် ဓမ္မာနုပဿနာကို အသုံးပြုရန် လမ်းညွှန်ထားပါသည်။

ပဋာစာရီဝတ္ထုနှင့် သတိပဋ္ဌာန်

သားသေ၍ အရူးတစ်ပိုင်းဖြစ်နေပြီး စိတ်သောကရောက်နေသော ပဋာစာရီအား သတိံ ပဋိလဘ ဘဂိနိ နှမ သတိထား ဟူသော စကားဖြင့် သတိပေးကာ သတိကို တည်စေခဲ့ပါသည်။ ရံခါတွင် ပုံမှန်လူပင် "သတိမမူလျှင် ဂူကို မမြင်နိုင် သတိမူလျှင် မြူကို မြင်သည်"ဟူသော မြန်မစကားပုံအရ အသိပေးမည့် အရာတစ်ခု ရှိနေခြင်းသည်ပင် ပြဿနာကို တစ်စိတ်တစ်ဒေသပြေလျော့နိုင်သည်ဟု ဆိုနိုင်ပါသည်။ ဘုရားရှင်သည်ပင် ဤစကားကို အရေးကြီးကိစ္စများ မိန့်ကြားသော အခါ သုဏာတု ဟူသော စကားလုံးအား အသုံးပြုလေ့ရှိသည်ကို ပိဋကတ်စာပေ နေရာ့အနှံ့တွင် တွေ့နိုင်ပါသည်။ ပဋာစာရီသည်လည်း ဘုရားရှင်၏ သတိပေး စကားဖြင့် သတိပြန်လည်ရရှိခဲ့ပါသည်။ ထို့ကြောင့် သောကများ ဖြစ်ပေါ်လာသော အခါ မိမိကိုယ်မိမိ သတိပေးမည့်အရာ သတိပေးမည့်စိတ်မှာ လိုအပ်လှပါသည်။ ထို့ကြောင့် မိမိကိုယ်မိမိ သတိပေးခြင်း နည်းစနစ်သည် သောကကို ပြေလျော့ရန် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါသည်။

ကာယာနုပဿနာ

မဟာသတိပဋ္ဌာနသုတ်၌ ကာယနုပဿနာ ဖွံ့ဖြိုးလာစေသည့် အချက်(၆)ချက်၌ ချစ်နှမ သတိထားဟု ပြော၍ သတိသမ္ပဇာဉ်ကို ဆင်ခြင်ခိုင်းခြင်းဖြစ်ပါသည်။ ထို့နောက် ပဋာစာရီ သတိရလာသောအခါ သူ့၏အပြုအမှုကို သတိထားလိုက်သောအခါ အရှက်အကြောက် အကျိုးဆက်ကို ဆင်ခြင်မိခြင်း(သာတ္ထက)၊ အဆင်ပြေသည်လားဟု ဆက်၍တွေးလိုက်ခြင်းသည် သပ္ပါယ၊ မိမိအပြုအမူသည် ပတ်ဝန်းကျင်နှင့် ကိုက်ညီမှုမရှိဟု ဆောင့်ကြောင့် ထိုင်လိုက်ခြင်းသည် ဂေါစရ။ ဤကား ကာယာနုပဿနာကုထုံးဟု ဆိုနိုင်ပါသည်။

အာနာပါနသတိဖွံ့ဖြိုးလာခြင်းသည် ဗုဒ္ဓစိတ်ကုထုံး၏ ဒုတိယအဆင့် ဖြစ်သည်ဟု ဗုဒ္ဓနည်းကျ စိတ်ကုထုံး စာအုပ်၌ ဖော်ပြထားပါသည်။ပဋာစာရီ သတိပြန်လည်ရလာသောအခါ ဘုရားရှင်ထံ၌ စ၍ရင်ဖွင့် လာခြင်းဖြစ်သည်။

ခေတ်သစ် နည်းလမ်း ATTEND

ခေတ်သစ် နည်းစနစ် ATTEND ၌ပါဝင်သော သဟဇာတဖြစ်အောင် ပြုလုပ်ခြင်း၊ယုံကြည်မှု တည်ဆောက်ခြင်း၊ ပဋာစာရီသည် လူသားတစ်ယောက်ဖြစ်ခြင်းကြောင့် သာတူညီမှုဆက်ဆံခြင်း သို့မဟုတ် ဘုရားရှင်၏ ကရုဏာကဲ့သို့ ဆိုရမည်ဖြစ်ပါသည်။ ပဋာစာရီ၏ သောကကို သာမာန်အကြံပေးမှုမျိုးဖြင့် ဖြေရှင်းခြင်းမျိုးမဟုတ်ဘဲ သူ၏ စိတ်အခြေအနေနှင့်ကိုက်ညီသော အရာကိုပေးခြင်း၊သေခြင်းတရားများ၏ သဘောတရားကို သဘောပေါက်စေခြင်းဆိုသည့် ATTEND Model သဘောတရားများနှင့် တူညီမှုရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ရင်ဖွင့်လာသောအခါ ဘုရားရှင်က ဝေဒနာရှင်အတွက် သက်သောင့်သက်သာဖြစ်စေရန် ထိုပြင် အားကိုးရာ လုံခြုံရာ ပတ်ဝန်းကျင် ဖြစ်သည်ကို ပိုမိုနားလည်လာစေရန် ချစ်သမီး မစိုးရိမ်ပါနှင့် အားကိုးရမည့်သူ့ဆီ ရောက်လာပြီဘဲ ဘာမျှ စိုးရမ်ဖို့ မလိုကြောင်း သူမ၏ ရောဂါကို ကုသနည်းတစ်မျိုးဖြင့် ကုသပေးခဲ့ပါသည်။

ဝေဒနာနုပဿနာ

ဗုဒ္ဓနည်းကျ စိတ်ကုထုံးစာအုပ်၌ ကာယာနုပဿနာလုပ်ခိုင်းခြင်းသည် စိတ်၏အမြင့်ဆုံးအဆင့်များကို ရောက်ရန်မဟုတ် စိတ်ဝေဒနာရှင်၏ ရုပ်ပိုင်းဆိုင်ရာ အပြုအမူများ ပုံမှန်ဖြစ်လာစေရန် ရည်ရွယ်သည်ဟု ဆိုထားပါသည်။ ဤ၌ ပဋာစာရီ၏ သောကသည် အနည်းငယ်လျော့ကျခြင်း ဘက်သို့ ဦးတည်လာခဲ့ပါသည်။ ဗုဒ္ဓနည်းကျ စိတ်ကုထုံးစာအုပ်၌ ဝေဒနာရှင်၏ အတိတ်မှတ်ဉာဏ်ထဲမှ အဖြစ်အပျက်များအား မေးမည်ဟု ဆိုထားပါသည်။ "သံသရာမှာ သားသေလို့ သမီးသေလို့ ငိုကြွေးပူဆွေးပြီး ကျခဲ့ရတဲ့ မျက်ရည်တွေကလည်း သမုဒ္ဒရာလေးစင်း အရေအတွက်ထက် များခဲ့သည်ကို ချစ်သမီး ပဋာစာရီမေ့နေသလားကွယ်" ဟု မေးခွန်းမေးမြန်းပြီး အဖြေကို မီမှောင်းထိုးပြသွားသည့် နည်းလမ်းးများ လည်းတွေ့နိုင်ပါသည်။ အတိက်က ခံစားခဲ့ရသော ဝေဒနာနှင့် ယခုပစ္စုပ္ပန် ဝေဒနာများ၏ အကြောင်းအား တွေးခိုင်းခြင်း ဝေဒနာနုပဿနာ၏ သဘောကို တွေ့မြင်နိုင်ပါသည်။

စိတ္တာနုပဿနာ

ထို့နောက် အနမတ္တဂ္ဂတရား‌ဒေသနာတော်ဖြင့် သံသရာအဆက်ဆက် ဘဝအဆက်ဆက် ဆင်းရဲတွေကို တွေ့ဘူး ခံစားခဲ့ဘူး ယခုတော့ ဤအရာများကို သိသင့်ပြီဟု စိတ်အား သတိပေးတွေး တောနိုင်ရန် မီးမောင်းထိုးပြကာ ငါဘာတွေတွေးနေလည်း ငါ့စိတ်တွေ ဘာတွေများဖြစ်နေလည်း ဆိုသည့် စိတ္တာနုပဿနာဖြင့် ငါအတွေးမှားတွေတွေးနေပါလား ထိုအတွေးမှားများကို စဉ်းစားဆင်ခြင်ခိုင်းသည့် အလုပ်ကို လုပ်စေခဲ့ပါသည်။ ထိုအချိန်၌ သူ၏ သောကသည် တနုတ္တံ-နည်းပါးခြင်းသို့ ရောက်သည်ဟု ဆိုထားပါသည်။

ဓမ္မာနုပဿနာအဆင့်

အဆုံး၌လောက၏ သဘောတရားအကြောင်းများကို သိမြင်နားလည်ပြီး စိတ်ပိုင်းဆိုင်ရာ သောတာပတ္တိဖိုလ်အထိ အဆင့်မြင့်လာခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ဤကား ဓမ္မာနုပဿနာ ကုထုံး ဟုဆိုနိုင်ပါသည်။

ဤနည်းစနစ်ကို အကျဉ်းချုံး၍ဖော်ပြရမည်ဆိုလျှင်-

၁။ ကာယာနုပဿနာ- ခန္ဓာကိုယ်အနေအထားကို သတိထားစေခြင်း(လမ်းလျှောက် နေခြင်းကို သိခြင်း၊ သတိထားခြင်း)

၂။ ဝေဒနာနုပဿနာ- ဝမ်းနည်းမှ၊ နာကျင်မှုတို့ကို သတိထားစေခြင်း(မိမိစိတ်၌ ဝမ်းနည်းမှုများ ဖြစ်နေခြင်းကို သိခြင်း၊ သတိထားခြင်း)

၃။ စိတ္တာနုပဿနာ- စိတ်ရဲ့အခြေအနေကို သိမြင်နားလည်စေခြင်း(မိမိစိတ်သည် စိုးရိမ်နေခြင်းကို သိခြင်း သတိထားခြင်း)

၄။ ဓမ္မာနုပဿနာ- ဖြစ်ပေါ်လာသော သဘောတရားများကို နားလည် သတိထားခြင်း)

ဤနည်းစနစ်များကို အခြေခံ၍ ကြုံတွေ့နေရသော သောကကို ဖြေလျော့နိုင်ရန် လေ့လာတွေ့ရှိရပါသည်။

ကြိုတင်ကာကွယ်နည်းစနစ်များ (Prevention is better than cure)

အဘိဏှ ပစ္စ ဝေက္ခိ တဗ္ဗ ဌာနသုတ်, အင်္ဂုတ္တရနိကာယ်, ပဉ္စကနိပါတ်, ဌာနသုတ် တို့၌ ဘုရားရှင်သည် မိမိကိုယ်မိမိ ငါသည် အိုရမယ် နာရမယ် သေရမယ် ချစ်ခင်မြတ်နိုးသူများနှင့်လည်း သေကွဲ ရှင်ခွဲ ခွဲရမယ်လို့ နေ့စဉ်ဆင်ခြင် သတိပေး သတိထားဖို့ ဟောကြားထားပါသည်။ မဟာပရိနိဗ္ဗာနသုတ်၌လည်း ချစ်ခင် နှစ်သက်သူတွေ မှန်သမျှ တစ်နေ့တွင် ကွဲရမှာဟု ဘုရားရှင် စကားတော်အရ တပည့် သာဝကများ သောက မဖြစ်စေရန် သတိပေးခြင်း စကားဟု ဆိုရမည်ဖြစ်သည်။ အပ္ပမာဒေန သမ္ပာဒေထဟူသော စကားလုံးသည်လည်း မမေ့မလျော့မပေါ်မဆ သတိတရားဖြင့် နေကြရန်ဟူသော အမှာစကားသည်လည်း သတိကို ပိုမို အမှတ်ရ ထင်ဟပ်စေပါသည်။ ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ၏ How to Live a Happy life တရားတော်တွင် မနက်အိပ်ယာထထခြင်း မိမိကိုယ်မိမိ ဒီနေ့ ငါအဆင်မပြေတဲ့ အရာတစ်ခုခု ကြုံလာနိုင်သည်ဟူ၍ သတိပေးရမည်ဟု လမ်းညွှန်ထားပါသည်။ ထို့ကြောင့် သတိပေးခြင်းနည်းသည်လည်း သောကကို ဖြေလျော့နိုင်ရန် အစိတ်အပိုင်း တစ်ခုဟု ယူဆရပါသည်။

သလ္လသုတ်လာ ဖြေရှင်းနည်း

သလ္လသုတ္တံ၌ ရုပ်ပိုင်းဆိုင်ရာပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် မြှားနှစ်စင်းဥပမာဖြင့်လမ်းညွှန်ထားပါသည်။အဆင်မပြေမှုများ၊သောကဖြစ်ဖွယ်ရာများနှင့်ကြုံတွေ့လာရသောအခါ လူတိုင်းသည် ငါ့မှဖြစ်ရလေသည်ဟူသော အတွေးများကို တွေးတက်ကြပါသည်။ ဤသည်ကို သလ္လသုတ်တွင် အသက်ရှင်နေသမျှ ဖျားခြင်း နာခြင်း လောကဓံတရားများ၏ ပွတ်တိုက်မှုခံရမည်ကို မြတ်ဗုဒ္ဓကိုယ်တိုင် ရှောင်လွဲမရသော မြှားဟု ဟောကြားထားပါသည်။ အရေးကြီးသည့်အချက်မှာ ဒုတိကမြှား ထပ်မစူးနိုင်အောင် သတိနဲ့စောင့်ကြည့်နိုင်ရန် လမ်းညွှန်ထားပါသည်။

သလ္လသုတ်နှင့် ခေတ်ပေါ်ဖြေရှင်းနည်း

The Parable of the Second Arrow: Discovering the Difference Between Pain and Suffering ဆောင်းပါး၌ ခေတ်သစ် ညီမျှခြင်းတစ်ခုကို ဖော်ပြထားပါသည်။ မင်းဝေဒနာကို ခုခံလေ မင်းပိုပြီး ဒုက္ခခံစားရလေ ဖြစ်ပါသည်။ ဆင်းရဲမှုဆိုသည်မှာ နာကျင်မှုနှင့် တွန်းလှန်မှု မြှောက်ခြင်း၏ ရလဒ်ဖြစ်ပါသည်။ ထို့ကြောင့် ပထမမြှား စိုက်လာသောအခါ မိမိစိတ်ထဲမှ တုန့်ပြန်မနေဘဲ သတိနဲ့ ဖြေရှင်းမည်ဆိုလျှင် သောကသည် သုည ဖြစ်သွား မည်သာဖြစ်ပါသည်။ ယခုကဲ့သို့ မိမိစိတ်ကိုသတိပေးကာ လျော့ချနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဥပမာအားဖြင့်- မိမိစိတ်ထဲမှာ စိတ်ပူပန်ခြင်းရောဂါဖြစ်နေပါလား (ဝေဒနာနုပဿနာ) သဘောဖြင့်လည်း ဆင်ခြင် လျော့ချနိုင်ပါသည်။

သတိပဋ္ဌာန် ကျင့်သုံးခြင်းအကျိုး

ဤနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိတို့၏ စိတ်၌ ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများ လျော့နည်းနိုင်ခြင်းအကျိုးကို ရရှိနိုင်ပါသည်။

နိဂုံး

နိဂုံးချုပ်အားဖြင့် လူ့ဘဝ၌ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို မလွဲမရှောင်သာ ကြုံတွေ့ရမည်ဖြစ်ပြီး ထိုပြဿနာများအနက် စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်သောကတို့သည် လူသားတို့၏ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သော အရေးကြီးသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်။ ထိုသို့သော သောကနှင့် စိုးရိမ်ပူပန်မှုများကို ဖြေလျော့နိုင်ရန် မြတ်ဗုဒ္ဓ၏ သတိပဋ္ဌာန်နည်းလမ်းသည် ထိရောက်သော နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ပိဋကတ်စာပေများနှင့် ခေတ်သစ်စိတ်ပညာဆိုင်ရာ အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့် တွေ့ရှိခဲ့ရပါသည်။ မဟာသတိပဋ္ဌာနသုတ်၌လာသော ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာနှင့် ဓမ္မာနုပဿနာတို့သည် မိမိ၏ ကိုယ်ခန္ဓာ၊ ခံစားချက်၊ စိတ်အခြေအနေနှင့် ဖြစ်ပေါ်နေသော သဘောတရားများကို သတိဖြင့် သိမြင်နားလည်စေသော နည်းလမ်းများဖြစ်သည်။ ပဋာစာရီဝတ္ထုကို၌လည်း အလွန်ပြင်းထန်သော စိတ်အခြေအနေမှ သတိပြန်လည်ရရှိစေခြင်း၊ မိမိ၏ ခံစားချက်နှင့် စိတ်အခြေအနေကိုသိမြင်စေခြင်း၊ အဖြစ်အပျက်များ၏ သဘောသဘာဝကို ဆင်ခြင်နားလည်စေခြင်းတို့မှတစ်ဆင့် စိတ်သောက လျော့နည်းလာပြီး နောက်ဆုံးတွင် တရားသဘောကို ထိုးထွင်းသိမြင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်ကို တွေ့ရသည်။ ထို့ကြောင့် သတိသည် သောကဖြစ်ပေါ်လာပြီးနောက် ဖြေရှင်းရန်သာမက မိမိကိုယ်မိမိ ကြိုတင်သတိပေးခြင်းအားဖြင့် သောကကို ကာကွယ်ရန်အတွက်လည်း အရေးပါသည်။ ထို့အပြင် သလ္လသုတ်လာ မြှားနှစ်စင်းဥပမာသည် မိမိမလွဲမရှောင်သာ ကြုံတွေ့ရမည့် နာကျင်မှုနှင့် ထိုနာကျင်မှုအပေါ် မိမိ၏ စိတ်ဖြင့် ထပ်မံဖန်တီးသည့် ဒုက္ခတို့ကို ခွဲခြားသိမြင်စေပါသည်။ ပထမမြှားဖြစ်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် မလွဲမရှောင်သာ ကြုံတွေ့ရသည့် နာကျင်မှုမျာကို အပြည့်အဝရှောင်လွှဲ၍ မရသော်လည်း ဒုတိယမြှားဖြစ်သော စိုးရိမ်ပူပန်မှု၊ အတွေးလွန်မှုများကို သတိဖြင့် သိမြင်ထိန်းညှိနိုင်ပါသည်။ ထို့ကြောင့် နာကျင်မှုကို လက်ခံသိမြင်ပြီး မလိုအပ်သော စိတ်ဒုက္ခကို ထပ်မံမဖန်တီးခြင်းသည် သောကလျော့ပါးစေခြင်း၏ အရေးကြီးသော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်၍ သောကကို ဖြေလျော့ခြင်းသည် ပြဿနာကို အတင်းအကျပ် ဖယ်ရှားပစ်ခြင်းထက် မိမိ၏ ကိုယ်၊ ခံစားချက်နှင့် စိတ်အခြေအနေတို့ကို သတိဖြင့် သိမြင်လက်ခံပြီး ဖြစ်ပေါ်လာသော အကြောင်းတရားများကို ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သတိပဋ္ဌာန်သည် သောကများကို အလုံးစုံပျောက်ကင်းစေခြင်းမျိုး မဟုတ်ဘဲ သောကအပေါ် စိတ်သည် ထပ်၍ခံစားရသော ဒုက္ခများကို လျော့နည်းစေနိုင်ခြင်းဟု ဆိုနိုင်ပါသည်။ မြတ်ဗုဒ္ဓ၏ သတိပဋ္ဌာန် နည်းလမ်းသည် ခေတ်သစ် စိတ်ပိုင်းဆိုင်ရာ ကုထုံးများနှင့်လည်း ဆက်စပ်အသုံးချနိုင်သည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။။ ထို့ကြောင့် ယနေ့ခေတ်တွင် ပိုမိုများပြားလာသော စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် သောကတို့ကို ရင်ဆိုင်ဖြေရှင်းရာ၌ သတိပဋ္ဌာန်ကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် မိမိစိတ်ကို ပိုမိုတည်ငြိမ်စေပြီး ပြဿနာများကို သတိရှိစွာ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

ကျမ်းကိုး

မရမ္မရဋ္ဌေ ဗုဒ္ဓသာသနသမိတိယာ၊ ၁၉၅၆၊ မူလပဏ္ဏာသပါဠိ၊ မရမ္မရဋ္ဌေ ဗုဒ္ဓသာသနသမိတိယာ။

မရမ္မရဋ္ဌေ ဗုဒ္ဓသာသနသမိတိယာ၊ ၁၉၅၇၊ မူလပဏ္ဏာသပါဠိ အဋ္ဌကထာ၊ မရမ္မရဋ္ဌေ ဗုဒ္ဓသာသနသမိတိယာ။

သာသနာရေးဝန်ကြီးဌာန၊ ၂၀၁၃၊ ဓမ္မပဒအဋ္ဌကထာ(ပထမ)၊ရန်ကုန်၊ သဇင်အော့ဖ်ဆက် ပုံနှိပ်တိုက်။

ဇာဂရမထေရ်၊ အသျှင်၊ ၁၉၃၀၊ အင်္ဂုတ္ထိုရ်အဋ္ဌကထာနိဿယ(ဒုတိယတွဲ)၊ မန္တလေး၊ မန္တလေးတောင် ပိဋကတ်စာပုံနှိပ်တိုက်။

ဇနကာဘိဝံသ၊အရှင်၊၁၃၃၉၊ ဒီဃနိကာယ်အဋ္ဌကထာ မဟာဝါဘာသာဋီကာ(အတွဲ-၃)၊ သာသနာရေး ဦးစီးဌာန။

ဇနကာဘိဝံသ၊အရှင်၊၂၀၁၂၊ အဋ္ဌသာလိနီ ဘာသာဋီကာနှင့် မူလဋီကာနိဿယ(ပဌမအုပ်)၊ အမရပူရ၊ မဟဂန္ဓာရုံစာပေ။

သာသနာရေးဦးစီဌာန၊ ၁၉၇၇၊ သဠာယတန ဝဂ္ဂသံယုတ်ပါဠိတော်နိဿယ၊ ရန်ကုန်၊ ကမ္ဘာအေးစာတိုက်။

သာသနဝရ၊ ဘဒ္ဒန္တ၊ ၂၀၂၀၊ ပိဋကတ်သုံးပုံအနှစ်ချုပ် ကျမ်းစာတော်(ပထမတွဲ)၊ ရန်ကုန်မြို့၊ ကောင်းထွက်စာပေ။

သုဇနာဘိဝံသ၊ အရှင်၊၂၀၁၉၊ ဓမ္မပဒဘာသာဋီကာ(တတိယတွဲ)၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်။

နန္ဒမာလာဘိဝံသ၊ အရှင်၊ ၂၀၁၀၊ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်၊ ရန်ကုန်မြို့၊ သာသနာရေးဦးစီးဌာန။

အာကာမိုးသူ၊ ၂၀၂၅၊ ဗုဒ္ဓနည်းကျ စိတ်ကုထုံး(ဘာသာပြန်)၊ ရန်ကုန်မြို့၊ သားငယ်စာပေ။

ဇော်ဝင်းကြူ(ပျဉ်းမနား)၊ ၂၀၂၃၊ သတိပဋ္ဌာန်ဦးနှောက်(ဘာသာပြန်)၊ ရန်ကုန်မြို့၊ သားငယ်စာပေ။

ကြည်၊ ဦး(ဆရာ)၊ ၂၀၀၆၊ မဟာသတိပဋ္ဌာန်အဖွင့်ကျမ်း၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ။

Joanne Cacciatore, Kara Thieleman, James Osborn, Kelly Orlowski. 2013, Of the Soul and Suffering: Mindfulness-Based Interventions and Bereavement

Shamash Alidina, The Parable of the Second Arrow: Discovering the Difference Between Pain and Suffering, https://www.shamashalidina.com/blog/pain-suffering-story/

ဓမ္မသာမိ၊ဒေါက်တာ၊ How to live a Happy life Dhamma Talk, http://www.youtube.com/@Yehtet_7