Paper 08
ဗုဒ္ဓဓမ္မရှုထောင့်မှ လောကငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ စံနှုန်းများနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများကို လေ့လာဆန်းစစ်ချက်
The supplied source is a full reading script with slide and delivery cues; those cues are preserved in the webpage-ready text.
၁။ နိဒါန်းနှင့် နောက်ခံသမိုင်း (Introduction and Background of the Study) "လူသည် ဘဝကို လောဘဖြင့် စတင်ခဲ့သူ ဖြစ်ပါသည်။ ယင်းလောဘကို ပါဠိဝေါဟာရအားဖြင့် “ဘဝနိကန္တိကလောဘ” (ဘဝကို မြတ်နိုးသော တဏှာ) ဟူ၍ ခေါ်ဆိုပါသည်။ ထို့ကြောင့် လူသားတိုင်းသည် မိမိ၏ ဘဝ မပျက်သုဉ်းစေရန်နှင့် မိမိလိုချင်သော အရာရာတိုင်းကို ရအောင် လောဘဖြင့် အားထုတ်ကြလေသည်။ ဤသည်မှာ သာမန်အားဖြင့် ဓမ္မတာဟု ဆိုနိုင်သော်လည်း၊ ဤဓမ္မတာကား “အတ္တဓမ္မတာ” သာဖြစ်သည့်အလျောက် လူတော်လူကောင်းတို့ လိုက်နာကျင့်သုံးရမည့် ဓမ္မတာမဟုတ်ဘဲ၊ ပယ်ဖျက်နိုင်အောင် ကြိုးစားရမည့် ဓမ္မတာတစ်ရပ်သာ ဖြစ်ပါသည်။
သို့သော် လူတို့၌ ကိန်းအောင်းနေသော ထိုမကောင်းသည့် အတ္တဓမ္မတာကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးနိုင်သည်မှာ 'ဓမ္မကိုလိုလားခြင်း' (ဓမ္မဆန္ဒ၊ ဓမ္မကာမ) ပင်ဖြစ်ပါသည်။ ဤအချက်က လူသားတို့၏ အတ္တကို အစွန်းမရောက်စေရန် ထိန်းကွပ်ပေးပြီး၊ လောကသားတို့ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်သွားနိုင်ရန်နှင့် လောကငြိမ်းချမ်းရေးအတွက် အဓိက အကြောင်းတရား ဖြစ်လာစေပါတယ် ဘုရား။"
[Slide (4) အတ္တစွန်းရောက်မှု၏ နောက်ဆက်တွဲများ သို့ ပြောင်းပါ]
"အကယ်၍ ဓမ္မနှင့်အညီ နေထိုင်လိုသောစိတ်သာ ကင်းမဲ့သွားပါလျှင် လောဘဖြင့် ဘဝကို တည်ဆောက်ကြသော အတ္တဓမ္မတာ၌ သူတစ်ပါးအပေါ် ငဲ့ကွက်ခြင်းမရှိတော့ဘဲ မိမိတစ်ကိုယ်ရည် ကောင်းစားရေးကိုသာ ရှေးရှုလာကြမည် ဖြစ်ပါသည်။ ထိုအခါ ဝိသမလောဘဖြင့် သူတစ်ပါးပစ္စည်းကို မတရားရယူခြင်း၊ ခိုးယူခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ မိစ္ဆာဇီဝဖြင့် အသက်မွေးခြင်း စသည့် မတရားမှုများကို ပြုကျင့်လာကြမည်ဖြစ်သောကြောင့် လောကကြီးသည် မည်သို့မျှ ငြိမ်းချမ်းနိုင်မည် မဟုတ်ပါ ဘုရား။
သာဓကအားဖြင့် ကြည့်လျှင် သာမန်ခိုးမှု လုယက်မှုမှသည် ကျားဖြန့်ကဲ့သို့သော ငွေလိမ်ဂိုဏ်းကြီးများ၊ သာမန် မြေယာကျူးကျော်မှုများမှသည် နိုင်ငံအဆင့် မြေသိမ်းယာသိမ်းမှုများနှင့် နယ်စပ်အငြင်းပွားမှုများ၊ ပင်လယ်သမုဒ္ဒရာကိုပင် အပိုင်သိမ်းရန် ကြံစည်မှုများမှသည် ဗြောင်ကျကျ ကျူးကျော်စစ်ပွဲများ၊ နိုင်ငံများကို ကြွေးမြီထောင်ချောက်များ (Debt-trap diplomacy) ဖြင့် သြဇာအာဏာ မတရားရယူခြင်း စသည့် မျက်မှောက်ခေတ် အဖြစ်အပျက်များသည် တရားနှင့်အညီ နေထိုင်လိုစိတ် ကင်းမဲ့ခြင်းကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အရာရာတွင် အတ္တနှင့် ပရကို မျှတအောင် သတိထား၍ 'ဓမ္မ' နှင့်အညီ ကျင့်သုံးနေထိုင်ခြင်းသာလျှင် လောကငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သော တစ်ခုတည်းသော အကြောင်းတရားဖြစ်ကြောင်း တပည့်တော် ခိုင်မာစွာ သုံးသပ်တင်ပြလိုပါတယ် ဘုရား။"
[Slide (5) ဓမ္မရက္ခိတ နှင့် လူမှုတာဝန်များ သို့ ပြောင်းပါ]
၂။ ဓမ္မရက္ခိတ (တရားကိုစောင့်ရှောက်ခြင်း) နှင့် လူမှုတာဝန်များ "သို့ဖြစ်လျှင် တရားနှင့်အညီ ရှင်သန်ရပ်တည်သော လူ့ဘောင်ကို မည်သို့ တည်ဆောက်ကြမည်နည်း။ မေတ္တသုတ်ပါဠိတော်၌ ဤသို့ တွေ့ရှိရပါသည်။ 'န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ' ယင်းပါဠိတော်၏ အဓိပ္ပာယ်အရ မကောင်းမှုကို မိမိကိုယ်တိုင် ရှောင်ကြဉ်ရုံဖြင့် ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ သူတစ်ပါးတို့၏ အဓမ္မမှုကို မြင်ကြားသိရှိသူသည် ထိုအမှုကို ဆဲရေး၊ ကဲ့ရဲ့၊ တားဆီးရမည် ဟူသော တာဝန် နှစ်ရပ်ကို ပြဋ္ဌာန်းထားပါသည်။ ဆိုလိုသည်မှာ မိမိကိုယ်တိုင် မကောင်းမှုမလုပ်ခြင်း ဟူသော 'ဝါရိတ္တသီလ' နှင့်၊ မတရားမှုကို တားဆီးခြင်း ဟူသော 'စာရိတ္တသီလ' တည်းဟူသော ဓမ္မရက္ခိတ တာဝန်ဝတ္တရား နှစ်ရပ်ကို ပူးတွဲကျင့်သုံးရမည် ဖြစ်ပါသည်။
မျက်မှောက်လောကတွင် လူအများစုသည် မိမိကိုယ်တိုင် အဓမ္မမှုကို ရှောင်ကြဉ်ရန် အပိုင်းကို ကောင်းစွာ သိရှိလက်ခံကြသော်လည်း၊ မတရားမှုကို တားဆီးခြင်းဟူသော စာရိတ္တသီလပိုင်း၌ အလွန်အားနည်းနေကြသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရပါသည်။ အကယ်၍ မကောင်းမှုကို သိမြင်ပါလျက် ဆိတ်ဆိတ်နေမည်ဆိုပါက ဥပဒေရှုထောင့်အရ အားပေးအားမြှောက်ပြုမှုဖြစ်သကဲ့သို့၊ ဓမ္မရှုထောင့်အရလည်း အဓမ္မ၌ ဘက်လိုက်ခြင်းပင် ဖြစ်ပါတယ် ဘုရား။"
[Slide (6) သမိုင်းဝင် သာဓက – Ven. Maha Kassapa သို့ ပြောင်းပါ]
"ဤသို့ ဓမ္မကိုစောင့်ရှောက်ခြင်းအရာ၌ အလွန်အတုယူဖွယ်ကောင်းသော သမိုင်းဝင်သာဓကမှာ အရှင်မဟာကဿပ မထေရ်မြတ်၏ လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ရက်အနည်းငယ်မျှသာ ရှိသေးချိန်တွင် အလဇ္ဇီ သုဘဒ္ဒရဟန်းကြီးက 'လုပ်ချင်တာ လုပ်လို့ရပြီ' ဟု ကြွေးကြော်ခဲ့သည်။ ထိုစကားကို ကြားရုံမျှဖြင့် အရှင်မဟာကဿပသည် မသူတော်တရားတို့ မထွန်းကားမီ၊ အဓမ္မဝါဒီတို့ အင်အားမကောင်းမီ စောစီးစွာ တားဆီးရန် ပထမသင်္ဂါယနာကို အပူတပြင်း ဦးဆောင်ကျင်းပခဲ့ပါသည်။ ဤလုပ်ရပ်သည် မကောင်းမှုဆိုလျှင် အသေးအမွှားမျှပင် လစ်လျူမရှုသင့်ကြောင်းနှင့်၊ အဓမ္မဝါဒီများ အင်အားကောင်းလာပြီးမှ ဖြေရှင်းမည်ဆိုပါက ပဋိပက္ခ သွေးထွက်သံယိုများအထိ ဖြစ်လာနိုင်ကြောင်းကို ပြသနေသော ကြီးမားသည့် သင်ခန်းစာဖြစ်ပါတယ် ဘုရား။ ယနေ့ ကျွန်ုပ်တို့ ကမ္ဘာကြီးသည် ဤစံနှုန်းအရကြည့်လျှင် အလွန်နှောင်းနေပြီဟု ဆိုရပါမည်။"
[Slide (7) အကြမ်းမဖက် လူမှုတာဝန်ခံမှု – ဗြဟ္မာ့ဒဏ် သို့ ပြောင်းပါ]
"အကယ်၍ ဓမ္မကိုလိုလားသူတို့ အင်အားကောင်းသည့် လူ့အဖွဲ့အစည်းဖြစ်ပါက၊ ပြောဆိုဆုံးမ၍မရသော မကောင်းမှုပြုသူအား 'ဗြဟ္မာ့ဒဏ်' (Punishment by stopping all conversation and communication) ပေးခြင်းဖြင့် ယဉ်ကျေးအောင် ဆုံးမနိုင်ကြောင်း တွေ့ရှိရပါသည်။ သာဓကအားဖြင့် မြတ်စွာဘုရားရှင်က မည်သူ့စကားကိုမျှ နားမထောင်သော မာနရှင် ဆန္နရဟန်းအား ဗြဟ္မာ့ဒဏ်ပေးရန် မှာကြားခဲ့ပါသည်။ ထိုသို့ အဆက်အဆံမပြုဘဲ အပြစ်ပေးလိုက်ခြင်းကြောင့် ဆန္နရဟန်းသည် ကြီးစွာသော စိတ်နှလုံး ညှိုးငယ်ခြင်းဖြစ်ကာ အသိတရားရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခဲ့ပါသည်။ ဤသည်မှာ တရားနှင့်အညီ ပြုကျင့်နေထိုင်သော လူ့ဘောင်တည်ဆောက်ရာတွင် အကြမ်းမဖက်သော လူမှုတာဝန်ခံမှုစနစ်အဖြစ် အသုံးချနိုင်ကြောင်း တွေ့ရှိရပါတယ် ဘုရား။"
[Slide (8) ခွဲခြားဆက်ဆံမှုနှင့် မေတ္တာစစ် သို့ ပြောင်းပါ]
၃။ တရားမျှတခြင်း၊ ညီမျှခြင်း နှင့် ခွဲခြားဆက်ဆံခြင်း
"ငါးပါးသီလစသည့် ကိုယ်ကျင့်တရားပျက်ပြားခြင်းက သူတစ်ပါးကို ထိခိုက်စေသကဲ့သို့ 'ခွဲခြားခြင်း' (Discrimination) သည်လည်း လောကငြိမ်းချမ်းရေးကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။ လူမျိုးရေးခွဲခြားခြင်း၊ ဘာသာရေးခွဲခြားခြင်း၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းများကြောင့် ကမ္ဘာစစ်များအထိ ဖြစ်ပွားခဲ့သည်ကို သမိုင်းအထောက်အထားများအရ တွေ့ရှိနိုင်ပါသည်။
ဤရန်မီးများကို ငြိမ်းအေးစေသော တစ်ခုတည်းသော ဆေးမှာ 'မေတ္တာ' ပင်ဖြစ်သည်။ သို့သော် မေတ္တာစစ် မေတ္တာမှန်ကို သိသူကား ရှားပါးလှပါသည်။ လူတို့သည် မေတ္တာအကြောင်းကို နေ့စဉ်လိုလို နှုတ်ဖျားက ပြောနေကြသော်လည်း၊ မေတ္တာစစ် မေတ္တာမှန်ကို သိသူနှင့် လက်တွေ့ကျင့်သုံးနိုင်သူကား အလွန်ရှားပါးလှပါသည်။ သမီးရည်းစားအချစ်သည် "တဏှာပေမ" ဖြစ်ပြီး၊ သားသမီးအပေါ်ထားသော မိဘမေတ္တာသည်ပင် "ဂေဟသိတပေမ" အဆင့်သာ ရှိသေးကြောင်း သိရှိမှသာ မေတ္တာစစ်ကို ရှာဖွေနိုင်မည်ဖြစ်သည်။
မေတ္တာသုတ်ပါဠိတော်လာ စံနှုန်းများအရ - မိခင်တစ်ဦးက မိမိ၏ တစ်ဦးတည်းသော ရင်သွေးရတနာ အပေါ် အသက်ကိုပင် ပေးဆပ်စွန့်လွှတ်၍ အစဉ်အမြဲ စောင့်ရှောက်သကဲ့သို့ အတုမရှိသော စေတနာထားရှိခြင်း မျိုးကို
- သဗ္ဗလောကသမိံ: သုံးလောကတစ်ခွင်လုံးကို လွှမ်းခြုံနိုင်ရမည်။
အနဝသေသာ: မည်သူ့ကိုမျှ၊ မည်သည့်လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်းကိုမျှ ချန်လှပ်ထားခြင်း မရှိရ။
- အပရိမာဏံ: အတိုင်းအဆမဲ့ ပွားများနိုင်မှသာလျှင်
မေတ္တာစစ်မည်ကြောင်း မှတ်သားရပါသည်ဘုရား။
သို့ဖြစ်ရာ သုတေသနရှုထောင့်မှ သုံးသပ်ရလျှင် - 'မည်သည့် သတ္တဝါမဆို မိမိ၏ တစ်ဦးတည်းသော သားငယ်အပေါ် ထားရှိသော မိခင်မေတ္တာမျိုးကဲ့သို့ သဗ္ဗလောကသမိံ (သတ္တဝါအားလုံးအပေါ်)၊ အနဝသေသာ (မည်သူ့ကိုမျှ ချန်လှပ်ကွက်် မထားဘဲ) နှင့် အပရိမာဏံ (အတိုင်းအဆမရှိ ပမာဏမရှိ) ဟူသောအချက် (၃) ချက်လုံးကို ပြည့်ပြည့်ဝဝ မထားနိုင်သမျှ ကာလပတ်လုံး ခွဲခြားခြင်း (Discrimination) တရားမှ လုံးဝ ကင်းစင်နိုင်မည် မဟုတ်ကြောင်း' ကို တပည့်တော်တို့ အခိုင်အမာ တွေ့ရှိရပေသည် ဘုရား။
ထို့ကြောင့် ဤသို့သော အတိုင်းအဆမဲ့ မေတ္တာတရားကို လက်တွေ့ကျင့်သုံးမှသာလျှင် ခွဲခြားမှုကင်းစင်ပြီး စစ်မှန်သော လောကငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါတယ် ဘုရား।"
[Slide (9) စရိယသုံးပါး ဦးစားပေးအစီအစဉ် သို့ ပြောင်းပါ]
၄။ ဗုဒ္ဓလမ်းစဉ် ဦးစားပေးအစီအစဉ် (The Three Cariyas)
"မြတ်ဗုဒ္ဓ၏ ပါရမီဖြည့်စဉ်ကာလက ကျင့်သုံးခဲ့သော ဦးစားပေးလမ်းစဉ်ဖြစ်သည့် 'စရိယသုံးပါး' (The Three Cariyas) အစီအစဉ်အရ -
၁။ လောကတ္ထစရိယ (တစ်လောကလုံး၏ အကျိုးစီးပွားသည် ပထမ)
၂။ ဉာတတ္ထစရိယ (မိမိမျိုးနွယ်၏ အကျိုးစီးပွားသည် ဒုတိယ)
၃။ အတ္တတ္ထစရိယ (မိမိ၏ အကျိုးစီးပွားသည် နောက်ဆုံးတတိယ) ဟူ၍ အစဉ်အတိုင်း ချမှတ်ထားရှိခဲ့ပါသည်။
ဤအစီအစဉ်ကို သုတေသနရှုထောင့်မှ နက်နက်ရှိုင်းရှိုင်း သုံးသပ်ရလျှင် - 'စရိယသုံးပါးတို့အနက် မြတ်ဗုဒ္ဓ၏ လမ်းစဉ်ကဲ့သို့ တစ်လောကလုံး၏ အကျိုးစီးပွားကို ပထမဦးစားပေး တင်မြှောက်သော လောကတ္ထစရိယကိုသာ စစ်မှန်စွာ ကျင့်သုံးနိုင်ပါမူ, မျက်မှောက်ကာလတွင် လူမျိုးရေး၊ ဘာသာရေးနှင့် မိမိတို့၏ တစ်ကိုယ်ရည် ကိုယ်ကျိုးစီးပွားကို အလွန်အမင်း ဦးစားပေးမှု (Extreme Particularism and Self-Interest) များကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသော အကြမ်းဖက် ပဋိပက္ခများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို အခြေခံမှစ၍ အပြည့်အဝ ချုပ်ငြိမ်းစေနိုင်မည်ဖြစ်ပေသည်' ဟူ၍ အခိုင်အမာ ကောက်ချက်ချ တင်ပြလိုပါတယ် ဘုရား။
သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ဉာတတ္ထစရိယ (မိမိလူမျိုးကိုသာ) အစွန်းရောက် ရှေ့တန်းတင်သည့်အခါ ဖက်ဆစ်ဝါဒနှင့် လူမျိုးရေးဆိုင်ရာ သုတ်သင်ရှင်းလင်းမှုများ ပေါ်ပေါက်ခဲ့ရပြီး၊ အတ္တတ္ထစရိယ (မိမိကိုယ်ကျိုးကိုသာ) ရှေ့တန်းတင်သည့်အခါ အာဏာရှင်စနစ်များနှင့် စီးပွားရေး မတရားမှုများ ကြီးထွားလာခဲ့ရပါသည်။ သို့ဖြစ်၍ လောကငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ဤစရိယသုံးပါး၏ ဦးစားပေး အစီအစဉ်ကို ပညာရှင်ပီပီ လက်တွေ့ကျင့်သုံးရန် အထူးလိုအပ်လှပါတယ် ဘုရား။"
ဤသို့ တင်ပြခြင်းအားဖြင့် ဗုဒ္ဓ၏ စရိယသုံးပါး သီအိုရီသည် ရှေးဟောင်း ဝါဒတစ်ခုတည်း မဟုတ်ဘဲ၊ မျက်မှောက်ခေတ် ကမ္ဘာ့ပြဿနာများကိုပါ ဖြေရှင်းပေးနိုင်သော အလွန်အားကောင်းသည့် ငြိမ်းချမ်းရေး ဒဿန (Peace Philosophy) တစ်ရပ်ဖြစ်ကြောင်း ပညာရှင်ဆန်ဆန် ပေါ်လွင်ထင်ရှားစေမည် ဖြစ်ပါကြောင်း လျှောက်တင်အပ်ပါတယ် ဘုရား။
[Slide (10) အဂတိနှင့် ဘက်မလိုက်ခြင်း သို့ ပြောင်းပါ]
၅။ ဘက်မလိုက်ခြင်း ဟူသော ဓမ္မန္တရာယ်နှင့် အဂတိလေးပါး "'ဘက်မလိုက်ခြင်း' ဟူသော စကားရပ်ကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူပါက ၎င်းသည် ဓမ္မန္တရာယ်ကြီး တစ်ခုဖြစ်လာနိုင်ပါသည်။ ဓမ္မအမြင်အရ အဓမ္မကို မြင်ပါလျက် ဘက်မလိုက်ပါ ဟုဆိုကာ နှုတ်ဆိတ်နေခြင်းသည် အဂတိတရားသို့ လိုက်ပါခြင်းပင် ဖြစ်သည်။
ဝိဘင်းပါဠိတော်လာ အဂတိ ၄ ပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ နှင့် မောဟာဂတိ တို့အနက် မသိသဖြင့် မလိုက်အပ်သည့်ဘက်သို့ လိုက်ခြင်းသည် 'မောဟာဂတိ' ဖြစ်ပါသည်။ မသိ၍ အမှားလုပ်မိလျှင်၊ လုပ်ရမည့်ကိစ္စကို မလုပ်လျင် အပြစ်မရှိဟု ထင်ကြခြင်းမှာ မှားယွင်းသော အယူအဆသာ ဖြစ်သည်။
"သံယုတ္တနိကာယ် အဝိဇ္ဇာသုတ်တွင် 'မသိမှု အဝိဇ္ဇာသည် အကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွားခေါင်းဆောင်ဖြစ်၏' ဟု ဟောကြားထားပါသည်။ မိမိပတ်ဝန်းကျင်၌ အဓမ္မကို မြင်တွေ့ပါလျက် တားဆီးရန် ပျက်ကွက်ခြင်းသည် မောဟာဂတိဖြင့် အဓမ္မဘက်သို့ လိုက်ပါခြင်းပင် ဖြစ်ပါသည်။ တပည့်တော်တို့အနေဖြင့် မည်သည့်အကြောင်းနှင့်မျှ အဂတိမလိုက်ဘဲ အစဉ်အမြဲ 'ဓမ္မဘက်၌သာ' ရပ်တည်ရန် လိုအပ်ပါတယ် ဘုရား။
ထို့အပြင် လူသားတို့၌ ကိန်းအောင်းနေသော ဤမသိမှု 'အဝိဇ္ဇာ' ကြောင့် အဓမ္မမှုပြုခြင်း၊ အဂတိလိုက်ခြင်းများအ နည်းပါးစေရန်နှင့် ကောင်းဆိုး၊ အကျိုးအပြစ်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန် အသိဉာဏ်ပညာပေး လုပ်ငန်းစဉ်များကို စနစ်တကျ မဖြစ်မနေ ဆောင်ရွက်သွားရန် အလွန်ပင် အရေးကြီးလှပါတယ် ဘုရား။”
[Slide (11) ဂေဟစနစ်နှင့် လူ့အခွင့်အရေး သို့ ပြောင်းပါ]
၆။ ဓမ္မဖြင့် ကျေးဇူးဆပ်ခြင်း နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း "အဘိဓမ္မာတရားတော်နှင့် ခေတ်သစ်သိပ္ပံပညာ၏ ဂေဟစနစ် (Ecosystem) တို့ တူညီသောအချက်မှာ လောကသုံးပါးလုံးရှိ သက်ရှိသက်မဲ့ အားလုံးသည် ဥပနိဿယပစ္စယ နှင့် အညမညပစ္စယ (အပြန်အလှန် ကျေးဇူးပြုခြင်း) နည်းတို့ဖြင့် ဆက်စပ်နေခြင်းပင် ဖြစ်သည်။
"သုတေသနရှုထောင့်မှ သုံးသပ်ရသော် အလုံးစုံသောလောက၏ ကျေးဇူးရှိနေခြင်းသည် အမှန်- သစ္စာဖြစ်သောကြောင့် လောက သို့မဟုတ် သူတစ်ပါးတို့၏ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်း (စီးပွားမဲ့) ကို ပြုကျင့်ခြင်းသည် သစ္စာတရားကို ဖောက်ဖျက်ခြင်း (သစ္စာဖောက်ခြင်း)၊ ကျေးဇူးကန်းခြင်း ဖြစ်ပေသည်။ ထို့အတူ လောက၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် မိမိတတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည်လည်း တာဝန်ဝတ္တရား မကျေပွန်ခြင်း၊ သစ္စာတရား ကင်းမဲ့၊ ကျေးဇူးမသိခြင်း လည်း မည်ပေသည်။
ကျေးဇူးဆပ်ခြင်း (ကတညူတာနှင့် ကတဝေဒိတာ
) ၏ နက်နဲသော အဓိပ္ပာယ်အရ လောကကို ဓမ္မဖြင့် ကျေးဇူးဆပ်ခြင်းသည် အမြတ်ဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။ ဤစံနှုန်းအရ မိမိကိုယ်တိုင်လည်း မကောင်းမှုဒုစရိုက်ကို ရှောင်ကြဉ်ပြီး သူတစ်ပါးကိုလည်း မပြုလုပ်စေရန် ဆုံးမခြင်းဖြင့် လောက၏ အကျိုးမဲ့ကို တားဆီးရမည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုကို ပြုလုပ်လျက် သူတစ်ပါးတို့ကိုလည်း ကောင်းမှု၌ မွေ့လျော်လာစေရန် တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် လောက၏ အကျိုးစီးပွားကို ဖြည့်ဆည်းရမည် ဖြစ်သည်။
ဤကဲ့သို့ ဓမ္မနှင့်အညီ လောက၏ ကျေးဇူးကို တုံ့ပြန်ဆပ်ခြင်းသည် အမှန်ကန်ဆုံးနှင့် အကျိုးအရှိဆုံး နည်းလမ်းဖြစ်ပေရာ ဤသို့သော အကျင့်တရားများ ကိန်းဝပ်ထွန်းကားသည့် လူ့အဖွဲ့အစည်းသည် ငြိမ်းချမ်းသာယာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မည်မှာ မလွှဲဧကန်ပင် ဖြစ်ပါသည် ဘုရား။"
[Slide (12) နိဂုံးနှင့် ရှေ့လုပ်ငန်းစဉ် သို့ ပြောင်းပါ]
၇။ နိဂုံးချုပ် နှင့် ရှေ့လုပ်ငန်းစဉ် (Conclusion and Future Recommendations
"ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်သားတည်းသော စည်းလုံးမှုနှင့် ဓမ္မအခြေပြု ကျင့်စဉ်"
ဤလောကကြီး ငြိမ်းချမ်းဖို့ဆိုလျင် တစ်သားတည်းစည်းလုံးမှု= သမဝါယသမ္ပန္န ရှိဖို့ လိုအပ်ပါသည်။ ယင်းအတွက် အရေးကြီးသော အခြေခံအချက် နှစ်ချက်ရှိပါသည်။ ယင်းတို့မှာ 'အမြင်' ချင်း တူညီမှု နှင့် 'အကျင့်' ချင်း တူညီမှု တို့ဖြစ်ပြီး ပါဠိဝေါဟာရအားဖြင့် 'ဒိဋ္ဌိသီလသာမည' ဟု ခေါ်ဆိုပါသည်။
မြတ်စွာဘုရားရှင်သည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် ဇာတ်နိမ့်ဇာတ်မြင့်၊ လူမျိုးရေး ခွဲခြားမှုများကို ဖျောက်ဖျက်ကာ ဤ ဒိဋ္ဌိသီလသာမည အပေါ်၌သာ အခြေခံတည်ဆောက်ခဲ့သောကြောင့် နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင် အထင်အရှား ခိုင်မာစွာတည်ရှိနေခြင်း ဖြစ်ပါသည်။
၁၉၄၈ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အတည်ပြုခဲ့သော လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ၏ အပိုဒ် ၁ တွင် 'လူသားအားလုံးသည် မွေးဖွားလာကတည်းက လွတ်လပ်ပြီး တန်းတူညီမျှသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရှိကြသည်' ဟု ပြဋ္ဌာန်းထားပါသည်။ ဤမွေးရာပါအခွင့်အရေး၊ ခွဲခြားမှုမရှိခြင်းနှင့် တန်းတူညီမျှရှိခြင်းတို့သည် ဗုဒ္ဓဓမ္မလာ မေတ္တာတရားနှင့် တစိတ်တဒေသ၊ 'သမာနတ္တာ' (မိမိနှင့် ထပ်တူထားခြင်း) နှင့် အတိအကျ သဘောတူညီလျက် ရှိပါတယ် ဘုရား။"
"ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် လူသားအားလုံး အမိကမ္ဘာမြေတစ်ရပ်တည်း၌ အတူတကွ မှီတင်းနေထိုင်ကြသူများပီပီ တစ်စုတစ်စည်းတည်းသော ညီညွတ်မှုကို ဖော်ဆောင်ရန် အထူးပင် လိုအပ်ပါသည်။
ထိုသို့ တစ်သားတည်းဖြစ်သော စည်းလုံးမှုကို တည်ဆောက်နိုင်ရန်အတွက်-
* နယ်နိမိတ်၊ လူမျိုး၊ ဘာသာတို့ကို ခွဲခြားခြင်းမရှိဘဲ အားလုံးအပေါ် အညီအမျှ ဖြန့်ကျက်အပ်သော မေတ္တာတရား၊
* သူတစ်ပါးကို မိမိနှင့် ထပ်တူထပ်မျှ ရှုမြင်ကာ ကိုယ်ချင်းစာနာစိတ်ဖြင့် ဆက်ဆံတတ်သော သမာနတ္တာတရား၊
* သက်ရှိလောက တစ်ခုလုံး ကမ္ဘာမြေတစ်ခုတည်းကို အခြေပြုလျက် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကာ မှီတင်းနေထိုင်ကြသည်ဟူသော အသိတရားတို့ကို အမြဲတမ်း လက်ကိုင်ထားကြရမည် ဖြစ်ပါသည်။
ဤသို့သော အခြေခံသဘောတရားများဖြင့် ကမ္ဘာမြေနှင့် လူသားအားလုံး၏ အကျိုးမဲ့ကို လုံးဝမလိုလားသည်ဖြစ်၍ မကောင်းမှုဒုစရိုက်ဟူသမျှကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ လောက၏ အကျိုးစီးပွားကို ဦးစားပေးရှေရှုလျက် မိမိ ကိုယ်ကျိုးကို နောက်မှာထားပြီး ကောင်းမှုကုသိုလ်ကို ကိုယ်တိုင်လည်း ကျင့်ကြံ၍ သူတစ်ပါးတို့ကိုလည်း ထိုအတူ လိုက်ပါလုပ်ဆောင်စေရန် တွန်းအားပေးရမည် ဖြစ်ပါသည်။ ဤကဲ့သို့ တူညီသော စေတနာ၊ တူညီသော အကျင့်တရားတို့ဖြင့် လက်တွဲဆောင်ရွက်ခြင်းအားဖြင့်သာ လောကကို အမှန်တကယ် ငြိမ်းချမ်းစေမည့် တစ်သားတည်းသော စည်းလုံးညီညွတ်မှုကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည် ဘုရား။"
ဒီနေရာမှာ တပည့်တော်တို့ အထူးသတိပြု နှလုံးသွင်းရမယ့် ဒဿနိကဗေဒဆိုင်ရာ အချက်တစ်ချက် ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်တွေဟာ တစ်စုံတစ်ဦးက တီထွင်ဖန်တီးထားတဲ့ ဖန်ဆင်းရှင်ဝါဒ (Creationism) မဟုတ်သလို၊ စိတ်ကူးယဉ် ကြံစည်တွေးခေါ်ထားတဲ့ တက္ကဝါဒ (Speculative Philosophy) လည်း မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓဟာ လောကရဲ့ သဘာဝတရားတွေကို အရှိကိုအရှိအတိုင်း (Yathābhūta) ထိုးထွင်းသိမြင်ပြီး ပကတိအမှန်တရားကိုသာ ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤဓမ္မစံနှုန်းများသည် သီးခြားဘာသာဝင် တစ်စုအတွက်သာ ကန့်သတ်ထားသော ယုံကြည်မှုသက်သက် မဟုတ်ဘဲ၊ လောကသားအားလုံးနှင့် သက်ဆိုင်သော 'ကမ္ဘာလုံးဆိုင်ရာ သဘာဝနိယာမ' (Universal Law of Nature) သာ ဖြစ်ပါသည်။ လူသားတိုင်းသည် မည်သည့်ဘာသာဝင်ပင်ဖြစ်စေ မိမိတို့ ပြုလုပ်သော ကံတရားအပေါ် မူတည်၍ ဗုဒ္ဓဓမ္မ (သို့မဟုတ်) လောကဓမ္မက စီရင်သည့်အတိုင်း အကျိုးဆက်ကို မလွဲမသွေ ခံစားကြရမည် ဖြစ်ပါတယ် ဘုရား။
ဤအခြေခံအချက်ကို နှလုံးသွင်းလျက် နိဂုံးချုပ်အနေဖြင့် *
အဝိဇ္ဇာကိုပယ်ဖျက်၍ အသိဉာဏ်ပညာ မြှင့်တင်ရေး လုပ်ငန်းစဉ်များ
"ထိုသို့ အဝိဇ္ဇာတရားများကို ပယ်ဖျက်၍ အမှားအမှန်၊ သင့်မသင့်ကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာများ ပြန့်ပွားလာစေရန်အတွက် အောက်ပါ ရှေ့လုပ်ငန်းစဉ် (Action Plan) များကို လက်တွေ့ အကောင်အထည်ဖော်သင့်ကြောင်း အကြံပြု တင်ပြအပ်ပါတယ် ဘုရား-
(၁) ပုံမှန်ပညာရေးစနစ်ကို ပြုပြင်ခြင်း
အလွတ်ကျက်မှတ်သည့် စနစ်ထက် အကြောင်းအကျိုးကို ကိုယ်တိုင်တွေးခေါ် ဖြေရှင်းတတ်စေရန် ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နှင့် ကျင့်ဝတ်ဆိုင်ရာ ဘာသာရပ်များကို ငယ်စဉ်ကတည်းက သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးရန်။
(၂) မိသားစုနှင့် လူမှုအသိုင်းအဝိုင်းမှတစ်ဆင့် လေ့ကျင့်ပေးခြင်း
အာဏာဖြင့် ကြောက်ရွံ့အောင် အုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ၊ လုပ်ရပ်တစ်ခု၏ အကျိုးနှင့် အပြစ်ကို ရှင်းပြဆွေးနွေးသည့် ပွင့်လင်းသော အလေ့အကျင့်ကောင်းများကို အိမ်တွင်းပညာရေးမှစ၍ မွေးမြူကြရန်။
(၃) ဒစ်ဂျစ်တယ် မီဒီယာများကို ဗျူဟာမြောက် အသုံးချခြင်း
လူငယ်များ အချိန်များစွာ ကုန်ဆုံးလေ့ရှိသည့် Social Media များမှတစ်ဆင့် ဆင်ခြင်တုံတရား ရရှိစေမည့် အသိပညာများကို ခေတ်မီဆွဲဆောင်မှုရှိသော (Short Videos, Podcasts စသည့်) Edutainment ပုံစံများဖြင့် ဖန်တီးဖြန့်ဝေရန်။
(၄) လုပ်ငန်းခွင်နှင့် တစ်သက်တာ သင်ယူမှုစနစ် ဖန်တီးခြင်း
အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Intelligence) ဆိုင်ရာ သင်တန်းများ မဖြစ်မနေ ပို့ချပေးရန်။
(၅) သတိပဋ္ဌာန် (Mindfulness) အလေ့အကျင့်များ ဖြန့်ဝေခြင်း
နေ့စဉ်ဘဝတွင် မိမိကိုယ်ကို ဆန်းစစ်နိုင်ရန်နှင့် သတိကပ်နိုင်ရန် သတိပဋ္ဌာန် လက်တွေ့အသုံးချနည်းများကို ဘာသာရေးအသွင် သက်သက်မဟုတ်ဘဲ၊ စိတ်ကျန်းမာရေးနှင့် ဆင်ခြင်နိုင်စွမ်း မြှင့်တင်ရေး နည်းလမ်းများအဖြစ် လူတိုင်းလက်လှမ်းမီအောင် သင်ကြားပေးရန် တို့ ဖြစ်ပါတယ် ဘုရား။”
"နိဂုံးချုပ်အားဖြင့် ဆိုရသော်၊ ကမ္ဘာမြေတစ်ခုတည်းကို အမှီပြုလျက် အပြန်အလှန် ကျေးဇူးပြုနေကြသည့် လူသားအားလုံးသည် လောကကို အကျိုးမဲ့ပျက်စီးစေသော မကောင်းမှုကိုရှောင်ကြဉ်ခြင်း၊ ငြိမ်းချမ်းသာယာ တိုးတက်ကြီးပွားရန်အလို့ငှာ ကောင်းမှုများကိုပြုလုပ်ခြင်း၊ သီလသိက္ခာ စောင့်ထိန်းခြင်း၊ ဓမ္မနှင့်အညီကျင့်သုံးနေထိုင်ခြင်း တို့အပြင် မိမိအကျိုးစီးပွားကို နောက်တန်းမှာထားလျက် လောကတ္ထစရိယာကို ပထမဦးစားပေးခြင်း၊ သူတစ်ပါးတို့အားလည်း မခွဲခြားသောမေတ္တာတရား၊ 'သမာနတ္တာ' ခေါ် မိမိနှင့်ထပ်တူထားခြင်းတိုဖြင့် ဤကဲ့သို့ပင် ပြုမူကျင့်ကြံကြစေခြင်း အစရှိသည်တို့ကို တာဝန်ဝတ္တရားထက် ပိုမိုလေးနက်သော သစ္စာတရားအဖြစ် မှတ်ယူကာ မပေါ့မလျော့ အစဉ်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပေသည်။ ဤမှန်ကန်သော ဓမ္မလမ်းကြောင်း၌ အမြဲတည့်တည့်မတ်မတ်ရှိနေရန် အဂတိလေးပါး မလိုက်စားခြင်း၊ အမှန်မသိခြင်း- မောဟကြောင့် အဓမ္မလိုက်စားမိခြင်း မျိုးမှ ရှောင်ရှားနိုင်ရန် သမ္မာဒိဌိ အမြင်မှန်ရရန် အသိပညာဗဟုသုတ ဆင်ခြင်တုံတရားကို့ကို သင်ယူလေ့လာပွားများခြင်းတို့သည် လောကငြိမ်းချမ်းရေး ကြီးပွားတိုးတက်ရေးတို့အတွက် အဓိကအသော့ချက်တရားများဖြစ်ပါကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်ဘုရား။
ရဟန်းသံဃာတော်များ အရှင်သူမြတ်များနှင့် အကဲဖြတ်ဒိုင်လူကြီးများ အားလုံးကို ရိုသေစွာ ရှိခိုးဦးချလျက် ကျေးဇူးတင်ရှိကြောင်း လျှောက်ထားအပ်ပါတယ် ဘုရား။”
ကိုးကားပြုစုခဲ့သော ကျမ်းရင်းနှင့် ကျမ်းစာစာရင်း (References / Bibliography)
၁။ ပါဠိတော်၊ အဋ္ဌကထာ နှင့် ဋီကာကျမ်းများ
- သုတ္တနိပါတ ခုဒ္ဒကပါဌ ဣတိဝုတ္တကပါဠိ၊ မေတ္တသုတ္တ (ပါဠိ)။
- အဘိဓမ္မပိဋက၊ ဝိဘင်္ဂပါဠိတော် နှင်
- ဝိနည်းပါဠိတော်၊ မဟာဝ္ဂ (အဂတိ ၄ ပါး ဆိုင်ရာ ဒေသနာတော်များ)။
- ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ် (အရှင်မဟာကဿပ နှင့် သုဘဒ္ဒရဟန်းကြီး ဆိုင်ရာ သမိုင်းကြောင်း)။
- ဝိနယပိဋကတ်၊ စူဠဝဂ္ဂပါဠိတော် (ဆန္ဒရဟန်းအား ဗြဟ္မာ့ဒဏ်ပေးခြင်းဆိုင်ရာ မှတ်တမ်း)။
၁။ဓမ္မပဒ၊ ဒု၊၂၁။ ပကိဏ္ဏကဝဂ်
၁။ အတ္တနောပုဗ္ဗကမ္မဝတ္ထု နှာ-၄၈၅။
၂။ ဣတိဝုတ္တက
- သံယုတ္တနိကာယ်၊မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်၊ မဂ္ဂသံယုတ်၊ ၁-အဝိဇ္ဇာဝဂ်၊ ၁-အဝိဇ္ဇာသုတ်
- ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ ထေရဂါထာ၊၁၀။ ဓမ္မိကတ္ထေရဂါထာ
- ဓမ္မပဒပါဠိ၊ ၁၄၊ ဗုဒ္ဓဝဂ်၊ ပိုဒ်-၁၉၄။
၂။ ဗုဒ္ဓဓမ္မနှင့် ဒဿနိကဗေဒဆိုင်ရာ ကျမ်းစာများ
- ဦးရွှေအောင်၊ ဗုဒ္ဓ လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်
- ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း (The Only Way to Nibbana)။
- အရှင်အာစရိယ။ ဘဝဖြစ်စဉ်နှင့် ပဋိစ္စသမုပ္บาท် ဒဿန။
- Ven. Dr. Rewata Dhamma. The First Buddhist Missionaries and the Early Buddhist Philosophy.
- Kalupahana, David J. Buddhist Philosophy: A Historical Analysis. University of Hawaii Press.
၃။ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ စာတမ်းများ
- United Nations (1948). Universal Declaration of Human Rights (UDHR). Paris.
- Galtung, Johan. Peace by Peaceful Means: Peace and Conflict, Development and Civilization. SAGE Publications, 1996.
- Sen, Amartya. The Idea of Justice. Harvard University Press, 2009.