Paper 08
ဗုဒ္ဓဓမ္မရှုထောင့်မှ လောကငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ စံနှုန်းများနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများကို လေ့လာဆန်းစစ်ချက်
မျက်မှောက်ခေတ်ကမ္ဘာတွင် အဂတိတရားလွှမ်းမိုးခြင်း၊ မေတ္တာနှင့် သမာနတ္တတာတရား ခေါင်းပါးခြင်းတို့ကြောင့် ပဋိပက္ခများနှင့် စစ်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားနေရသည်။ ထို့ပြင် လူမှုအဖွဲ့အစည်းအတွင်း အဓမ္မမှုများကို ရဲရဲဝံ့ဝံ့တားဆီးရန် ပျက်ကွက်ခြင်းသည် လောကငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် အဓိကကွင်းဆက်တစ်ခု ဖြစ်နေသည်။
ဤသုတေသနသည် စာကြည့်တိုက်သုတေသနနည်းလမ်း (Qualitative Research) ဖြင့် မေတ္တာသုတ်၊ ဓမ္မပဒ၊ နိကာယ်လာ အဂတိတရားများနှင့် ပဋ္ဌာန်းတရားတော်တို့ကို နှိုင်းယှဉ်ဆန်းစစ်ထားသည်။ အထူးသဖြင့် မေတ္တာသုတ်လာ "ဥပဝဒေယျုံ" ညွှန်ကြားချက်အရ မကောင်းမှုကို ရှောင်ကြဉ်ရုံ (ဝါရိတ္တ) မျှမက အဓမ္မမှု နှိမ်နင်းတားဆီးရန် လူသားတိုင်းတွင် တာဝန် (စာရိတ္တ) ရှိကြောင်း လူမှုကျင့်ဝတ်ရှုထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဗုဒ္ဓဓမ္မလာ လောကသုံးပါး အပြန်အလှန်ကျေးဇူးပြုမှုသီအိုရီ (အညမညပစ္စယသတ္တိ) နှင့် စေတနာကိုအခြေခံသည့် ဓမ္မတာဝန်ဝတ္တရားများဖြင့် ပဋိပက္ခများကို လက်တွေ့ကျော်လွှားနိုင်မည့် နည်းလမ်းကို ရှာဖွေတင်ပြထားသည်။
ဤသုတေသနသည် ဗုဒ္ဓဘာသာ၏ မေတ္တာနှင့် သစ္စာတရားကို အခြေခံ၍ လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိမှုကို မြှင့်တင်ပေးရန်နှင့် လောကတ္ထစရိယကို ရှေ့တန်းတင်သည့် အေးချမ်းသာယာသော နယ်စည်းမခြား ကမ္ဘာ့လူ့အဖွဲ့အစည်း (Borderless Peaceful Global Community) တည်ဆောက်နိုင်မည့် ဖော်ဆောင်ချက် ပုံစံပေးရန် ရည်ရွယ်ပါသည်။
Keywords: ဗုဒ္ဓဓမ္မ (Buddha-Dhamma)၊ လောကငြိမ်းချမ်းရေး (Global Peacebuilding)၊ လူမှုကျင့်ဝတ် (Social Ethics)၊ ဥပဝဒေယျုံ (Upavadeyyum)၊ စာရိတ္တသီလ (Caritta-Sila)၊ မေတ္တာ (Metta)၊ သစ္စာ (Sacca)၊ သမာနတ္တတာ (Samanattata)၊ လောကတ္ထစရိယ (Lokattha-Cariya)။