Skip to main content
Back to Full Papers

Proceedings

Paper 07

2nd International Conference on Religion and Peace
Sunday, 30 August 2026

Paper 07

လူငယ်များအတွက် အဆိပ်အတောက်ကင်းသော လူမှုပတ်ဝန်းကျင်တည်ဆောက်ခြင်း - ပူးပေါင်းဆောင်ရွက်မှု၊ ကိုယ်ကျင့်တရားနှင့် ဘဝအတွေ့အကြုံများအပေါ် အခြေပြု လေ့လာချက်

Abstract

လူငယ်များအတွက်ပတ်ဝန်းကျင်ကောင်း ဖန်တီးရာတွင် မိမိတစ်ဦးတည်း ဖန်တီးရန် မဖြစ်နိုင်ပဲ ရည်ရွယ်ချက်တူညီသည့် မိဘများ၊ ဆရာသမားများ၊ လူငယ်များ တိုးပွားလာမှသာ ပိုမိုကောင်းမွန်သော အဆိပ်အတောက်ကင်းသော လူမှုဝန်းကျင်တစ်ရပ်ကို ပျိုးထောင်ဖန်တီးနိုင်မည်ဖြစ်ပါသည်။ ဤစာတမ်း၏ရည်ရွယ်ချက်များမှာအမျိုးသမီးတစ်ယောက်အနေဖြင့်မိမိကဲ့သို့အမျိုးသမီးများအားလည်းကောင်း၊ကျားမ,မဟူလူအများအားလည်းကောင်းဘဝခရီးလျှောက်လှမ်းရာတွင် ခွန်အားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လည်းကောင်း ၊ အထူးသဖြင့် မိမိ ကိုယ်တိုင်လည်း မိခင်တစ်ယောက် အနေဖြင့် မိမိ သားသမီးများကို ပတ်ဝန်းကျင်ကောင်းတွင် ကြီးပြင်းစေလိုသကဲ့သို့ မိမိထက်ငယ်ရွယ်သော လူငယ်များအတွက် အကျိုးပြု စေရန် ရည်ရွယ်၍ လူငယ်ဖွံ့ဖြိုး တိုးတက်ကာ ပတ်ဝန်းကျင်ကောင်းများတွင် အကောင်းမြင်စိတ်ဓာတ်ဖြင့် ဆက်လက် ရှင်သန်နိုင်အောင် ရေးသား မျှဝေထားခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် Maslow's Hierarchy of needs Theory ၏ "A Theory of Human Motivation" ဟူသော Framework ကို အသုံးပြုထားပြီး (၁) မိမိကိုယ်တိုင် ဖြစ်တည်ခြင်း ၊ (၂) မိမိနှင့် ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း ၊ (၃) ရေရှည်ခိုင်မြဲသော လူမှုပတ်ဝန်းကျင်တည်ဆောက်ခြင်း နှင့် (၄) မိသားစုစီးပွါးရေးလုပ်ငန်းတွင် ကောင်းမွန်သောပတ်ဝန်းကျင်ကိုတည်ဆောက်ခြင်း ဟူ၍ အပိုင်းလေးပိုင်းခွဲခြားထားပါသည်။ Maslow's Hierarchy of needs Theory အရ လူသားအတွက် အခြေခံ လိုအပ်ချက်များ၊ ချစ်ခြင်းမေတ္တာဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိအောင်တည်ဆောက်ထားပုံ ကိုမိမိအတွေ့အကြုံများနှင့် ယှဥ်၍ Case Study အနေဖြင့် ဖော်ပြထားပါသည်။ ထို့ပြင်ရေရှည်ခိုင်မြဲသော လူမှုပတ်ဝန်းကျင်တည်ဆောက်ခြင်းအကြောင်းကို အကျဥ်းတင်ပြရာတွင်၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကိုယ်ကျင့်တရား၏ ဆင့်ကဲပြောင်းလဲမှု၊ စီးပွားရေးအောင်မြင်အောင် လုပ်ဆောင်ပုံ၊ များနှင့်ခရီးသွားခြင်းတို့၏ အရေးပါပုံကို လူကြီးလူငယ် ကျား/မမရွေး အောင်မြင်ရေးအတွက် မှတ်သားဖွယ် အချက်များကို မိမိကိုယ်ပိုင်စီးပွားရေးအတွေ့အကြုံဖြင့် သာဓကဆောင် တင်ပြထားပါသည်။

ကောင်းမွန်သော ပတ်ဝန်းကျင် တည်ဆောက်ခြင်း သံသရာ စက်ဝန်း (The Cycle of a Healthy Environment)

Slide 1 : ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ပဌိတ်စ သမုတ်ပ လို့ ခေါ်တဲ့ သံသရာ စက်ဝန်းလို့ပဲ “ကောင်းမွန်သော ပတ်ဝန်းကျင် တည်ဆောက်ခြင်း သံသရာ စက်ဝန်း” ဆိုတဲ့ခေါင်းစဥ်လေး စာတမ်း ကို တင်ပြသွားမှာဖြစ်ပါတယ်။

“အောင်မြင်မှု၏ အခြားတစ်ဘက်”ဆိုတဲ့ စာအုပ် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ လမှာထုတ်ဝေခဲ့ပါတယ်။

Figure from the submitted paper

Figure 1 : Maslow’s hierarchy of needs

ဒီစာအုပ်ကို 1943 မှာ ထုတ်ဝေခဲ့တဲ့ Maslow’s hierarchy of needs ဆိုတဲ့ လူသားတွေရဲ့ ရှင်သန်ဖို့ အခြေခံ လိုအပ်ချက်တွေက တဆင့် ပြီးတဆင့် တိုးတက်လာပုံကို Framework ကို အသုံးပြုထားပါတယ်။ ကျွန်မ လေ့လာသင်ယူခဲ့တဲ့ ခေါင်းဆောင်မှု (Leadership) ဘာသာရပ်ကို ကျွန်မရဲ့ အကြောင်းနဲ့(Case Study) တစ်ခုလို စိတ်ဝင်စားဖွယ်ဖြစ်အောင်စာအုပ်တအုပ်အနေနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။

ဒီစာတမ်းဟာ “အောင်မြင်မှု၏ အခြားတစ်ဘက်”စာအုပ်ထဲမှ တတိယပိုင်းမှာပါဝင်တဲ့ ကောင်းမွန်သော ပတ်ဝန်းကျင် တည်ဆောက်ခြင်း သံသရာ စက်ဝန်း ထဲမှ ရည်ညွှန်းထားပါတယ်။ ကျွန်မတို့

၁. ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဘယ်လို တည်ဆောက်ကြမလဲ?

၂. ဘယ်အရာတွေနဲ့ တည်ဆောက်ထားတာလဲ ?

၃. ဘယ်အချိန် ကတည်းက တည်ဆောက်ခဲ့ကြတာလဲ ?

၄. ကောင်းခြင်း (good) ? ဆိုးခြင်း (evil)?

၅. ကောင်းခြင်း ဆိုးခြင်းကို ဘယ်လို ဆုံးဖြတ်ခဲ့ကြတာလဲ ?

ဆိုတဲ့ စိတ်ဝင်စားဖွယ် အ‌ေကြာင်းအရာကို ကျွန်မတို့ အတူတူ လေ့လာြကည့်ကြရအောင်

“ကိုယ်ကျင့်တရားဆိုတာ ကောင်းကင်ကနေ ကျလာတဲ့ နတ်ဘုရားတွေ ဖန်ဆင်းခဲ့တာ မဟုတ်ဘဲ၊ လူသားတွေရဲ့ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေကနေ တဖြည်းဖြည်း ပြောင်းလဲ ပေါ်ပေါက်လာတဲ့ လူ့တွေရဲ့ တီထွင်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာကို Hanno Sauer ပြုစုခဲ့တဲ့ စာတမ်းတွေရဲ့ The invention of good and evil: A world history of morality ဆိုတဲ့ စာအုပ်မှာေဖာ်ပြထားပါတယ်။

ရေရှည်ခိုင်မြဲသော လူမှုပတ်ဝန်းကျင်တည်ဆောက်ခြင်း

ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကိုယ်ကျင့်တရား၏ ဆင့်ကဲပြောင်းလဲမှု

ကျွန်မအပါအဝင် ပတ်ဝန်းကျင်ကောင်းတခုတည်ဆောက်ဖို့ဆိုတာ ကျွန်မတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အကြောင်း၊ လူသားတွေ အကြောင်း ကိုနားလည်ထားမယ်ဆိုရင် သဟဇာတ ဖြစ်တဲ့ လူမှုဆက်ဆံရေးတွေ ပိုကောင်းလာမယ်လို့လည်း မျှော်လင့်မိပါတယ်။

ကျွန်မတို့ လူသားတွေရဲ့ နေထိုင်မှု ပုံစံတွေ၊ လုပ်‌ဆောင်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။ လူသားအချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတာ ရှိသလို ၊ တယောက်နဲ့ တယောက် မတူတဲ့ ကိုယ်ပိုင်လက္ခဏာတွေ ( (Identity) ကို ကြည့်ပြီး ဆန့်ကျင်ကြတယ်၊ ဝေဖန်ကြတယ် ၊ ဝေဖန်ခံရတယ် ဆိုတာ ကမ္ဘာဦးအစကတည်းက အခုချိန်ထိ မြင်တွေ့နေရဆဲပါ။

ကျွန်မတို့တွေ ဘယ်လို ယှဉ်တွဲ နေထိုင်ကြမယ် ဘယ်လို စီမံ ဆောင်ရွက်ကြမယ်ဆိုတာ အတိတ်မှာ လုပ်ဆောင်ခဲ့တဲ့ ယဉ်ကျေးမှု (Culture) ၊ ဓလေ့ထုံးတမ်း (Norm)၊ ကျင့်ဝတ် ( Morality)၊ တန်ဖိုး (Value) ထားမှုတွေ စတဲ့ လူသား သမိုင်းကြောင်း အခြေခံ တွေကို လေ့လာပြီး အသစ်အသစ်သော နည်းပညာတွေ ( technology ) ၊ ပညာရပ် ဗဟုသုတ (skill & Knowledge) တွေကို လေ့လာသင်ယူပြီး အနာဂတ်မှာလည်းကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီး နဲ့ လိုက်လျော်ညီထွေဖြစ်မယ့် ကျင့်ဝတ် အသစ်တွေ ထွက်ပေါ်လာဖွယ် ရှိတယ်လို့ ယူဆမိပါတယ်။

Hanno Sauer ၏ ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆ

"The Invention of Good and Evil" "ကောင်းမြတ်ခြင်း" (Good) နဲ့ "ဆိုးယုတ်ခြင်း" (Evil) ကို ဖန်တီးခြင်း ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ ဒဿနိကဗေဒပညာရှင် Hanno Sauer ရဲ့ ကိုယ်ကျင့်တရား (Morality) ဆိုင်ရာ အယူအဆကတော့ “ကိုယ်ကျင့်တရားဆိုတာ ကောင်းကင်ကနေ ကျလာတဲ့ နတ်ဘုရားတွေ ဖန်ဆင်းခဲ့တာ မဟုတ်ဘဲ၊ လူသားတွေရဲ့ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေကနေ တဖြည်းဖြည်း ပြောင်းလဲ ပေါ်ပေါက်လာတဲ့ လူ့တွေရဲ့ တီထွင်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုထားတယ်။

အရင်တုန်းက ကျွန်မ တွေးခဲ့ဘူးတဲ့ ကောင်းခြင်း ၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုတဲ့ စံနှုန်းတွေဟာလည်း ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် စကြာဝဠာထဲက သဘာဝအတိုင်း ပြောင်းလဲမရတဲ့ အမှန်တရား (Immutable Truth) တွေ မဟုတ်ဘူး ဆိုတာ သိလာရတယ် ။ လူသားတွေဟာ အစုအဖွဲ့လိုက် နေထိုင်ရှင်သန်ဖို့( Survive)၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ (Cooperation) ၊ အဖွဲ့တွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ကိရိယာ (Tool) တစ်ခုအနေနဲ့ ကိုယ်ကျင့်တရား ဆိုတဲ့ စည်းမျဉ်းတွေကို ရှင်သန်ရေးအတွက် လိုအပ်ချက် အနေနဲ့ ဖန်တီးခဲ့ကြတာ ဖြစ်တယ် လို့ ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်။

ကျင့်ဝတ် ဆိုတာ ဘာလဲ ( What is morality) ? ဆိုပြီး ကျွန်မစဥ်းစားခဲ့ဘူးပါတယ် ။ဒီလိုနဲ့ သိချင်စိတ်နဲ့ လေ့လာရင်း သမိုင်းစဉ်အလိုက် ကျင့်ဝတ် အဆင့်ဆင့် ပြောင်းလဲလာပုံကို‌ တွေ့ရတယ်။

အပိုင်း ၁- အမဲလိုက်စုဆောင်းသူဘဝမှ ကိုယ်ကျင့်တရား ဆင့်ကဲပြောင်းလဲလာပုံ

လွန်ခဲ့သော နှစ်ပေါင်း ၅ သန်းဝန်းကျင်မှာ ဆင့်ကဲပြောင်းလဲလာတဲ့ (Evolutionary) ကာလမှာ လူသားတွေဟာ ဂူတွေထဲမှာ နေထိုင်ကြတယ်။

အမဲလိုက်-အစာရှာဖွေစုဆောင်းသူ (Hunter-Gatherer) ဘဝပုံစံနဲ့ ရှင်သန် နေထိုင်ခဲ့ကြတာကနေစခဲ့တယ်။ ပထမမှာ ခြသ်ေ့၊ကျားသစ် အစရှိတဲ့ သားကောင်ကြီးတွေ အမဲလိုက် စားသောက်လို့ ကျန်ခဲ့တဲ့ တိရစ္ဆာန် အသေကောင် တွေရဲ့ အရိုးမှာကပ်နေတဲ့ အသားခြောက် အကြွင်းအကျန်တွေ၊ ဉီးခေါင်းခွံ အရိုး ကိုထုချေပြီး လက်ချောင်းတွေနဲ့ ချဉ်ဆီတွေကို ထုတ်ယူစားသောက်ကြတယ်။

နောက် သစ်သီးဝလံ သစ်မြစ် သစ်ဥတွေကို ရှာဖွေစားသောက်ကြပြန်တယ်။ အဲ့ကနေမှတဆင့် သားကောင်ငယ်တွေကို စုပေါင်း အမဲလိုက်ကြတယ်။ အဲ့ဒီအချိန်တုန်းက လူသားတွေဟာ အစာရှာမယ်၊ အနားယူမယ် နဲ့ အုပ်စုဖွဲ့ပြီး စုပေါင်းနေထိုင်မယ် ဆိုတဲ့ အလုပ် သုံးခုသာ အဓိကထားပြီး လုပ်ဆောင်ခဲ့ကြတယ်။ ဆက်လက်လေ့လာကြည့်ရရင်

ဘာကြောင့် လူမှုဘဝနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းက အရေးပါခဲ့တာလဲ။

ဆိုတဲ့ မေးခွန်းလေးတွေ ထွက်လာတယ်။

သဘာဝတရားအရ တချို့ တိရစ္ဆာန်မျိုးစိတ် တွေမှာ အုပ်စုလိုက် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေတဲ့ အထောက်အကူပြုတဲ့ အပြုအမူဆိုင်ရာ စံနှုန်းတွေ (behavioural norms) ကိုတွေ့ရတယ်။ ဥပမာအားဖြင့်၊ ငါးအုပ်စုတွေက သရဲတစ္ဆေတစ်ကောင်လိုပဲ မကြားနိုင်တဲ့ စည်းချက်ကို လိုက်နာသည့်အလား တညီတညွတ်တည်း ရွေ့လျားနေကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြတာတွေ့ရတယ် ။ လူမှုအင်းဆက် (Social Insects) လို့ခေါ်တဲ့ ပျား သို့မဟုတ် ပုရွက်ဆိတ်များ လို လုပ်ငန်းခွဲဝေမှုစနစ်ကို ပြည့်စုံကောင်းမွန်အောင် ဖန်တီးထားပြီး၊ ဒီစနစ်က အများစုအတွက် ပျားအုံ (hive) သို့မဟုတ် ပုရွက်ဆိတ်အုပ်စု (colony) ရဲ့ ကောင်းကျိုးအတွက် လုပ်သားတွေက တစ်ကိုယ်ရေ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ လုပ်ဆောင်နေကြတာကို အံ့သြစရာကောင်းအောင်တွေ့ရတယ်။ တဖန် ကျွန်မတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို ပြန်ကြည့်လိုက်ပြန်ရင်လည်း

အပြန်အလှန် မှီခိုမှု (Interdependence)ကိုတွေ့ရတယ်။

  • ရှင်သန်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း: ရှေးဦးလူသားတွေဟာ သားကောင်ကြီးတွေကို အမဲလိုက်ဖို့ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ဆိုတာ လူတစ်ဦးတည်း ဆန့်ကျင်ပြီး နေထိုင်လို့ မဖြစ်နိုင်ဘူး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ (cooperation) လိုအပ်ကြောင်း နားလည်လာတဲ့အတွက် ပူးပေါင်း ဆောင်ရွက်လာကြတယ်။ဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ အချင်းချင်း ညီညွှတ်ဖို့ အတွက်ဆိုရင် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေ ပေါ်ပေါက်လာဖို့က မရှိမဖြစ် လိုအပ်တဲ့ ဖိအားပေးမှု တွေဖြစ်ပေါ်စေခဲ့တယ်။
  • မျှဝေခြင်းရဲ့ မူလအစ: အဲ့ဒီနောက်မှာ အမဲလိုက်လို့ ရလာတဲ့ အစားအစာတွေကို အုပ်စုအတွင်း မျှဝေစားသုံးခြင်း (sharing) ကနေ စတင်ခဲ့တယ်။ ဒီလို မျှဝေခြင်းကြောင့် အမဲလိုက်ရာမှာ မအောင်မြင်တဲ့သူတွေပါ အစာရေစာ မရှားဘဲ ရှင်သန်နိုင်ပြီး အုပ်စုလိုက် စည်းလုံးညီညွတ်မှုကို ခိုင်မာစေမှုကိုဖြစ်ပေါ်စေတယ်။ ဒါက ကျွန်မတို့ လူသားတွေအတွက် ပထမဆုံးနဲ့ အခြေခံအကျဆုံး ကိုယ်ကျင့်တရားဆိုင်ရာ ပြောင်းလဲမှုကြီးမှာ "တရားမျှတမှု" (Fairness) ဆိုတာ စတင် ဖြစ်ပေါ်လာတယ်။ ကမ္ဘာဦးအစက ကိုယ်ကျင့်တရားဆိုတာ ဘာသာရေး အယူအဆတွေထက် "အသက်ရှင်ရပ်တည်ဖို့နဲ့ အုပ်စုလိုက် ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရား" အဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။
  • ဒီလိုနဲ့ တစတစ တိုးတက်ပြောင်းလဲလာရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ ခန့်မှာ မြို့ပြ ယဉ်ကျေးမှု (Civilization) ပေါ်ထွန်းလာပြီး စိုက်ပျိုးရေး မွေးမြူရေးတွေ စတင် လုပ်ဆောင် လာကြတဲ့အခါ လူများစွာကို ထိန်းချုပ်ဖို့နဲ့ စည်းစနစ် ကျစေဖို့ စည်းကမ်းတွေ၊ ဥပဒေတွေကို ဘုရားသခင်ရဲ့ အမိန့်အဖြစ် ဖန်တီးခဲ့ကြတယ်။ ပြန်စဥ်းစားကြည့်ရင် ကျွန်မတို့ နိုင်ငံမှာလည်း ထိုနည်းတူပါပဲ ကျွန်မတို့ထက် ရှေးကြတဲ့ ဘုရင်ခေတ်တွေမှာကတည်းက “ မြတ်စွာဘုရား နုစဉ်ကာလ ကနေ အစချီပြီးတော့ လိုသလို ဥပဒေတွေ အမျိုးမျိုး ပြဌာန်းခဲ့ကြတယ်။ ဥပဒေတွေကို အနီးစပ်ဆုံး ဗဟုသုတ အနေနဲ့ ပြောရရင်- မန္တလေး ရတနာပုံခေတ် မင်းတုန်းမင်း လက်ထက်မှာ ဘုရင်မှာ နုပျိုတဲ့ မိဖုရားများစွာရှိတဲ့အတွက် ကနောင်မင်းသားက သတိပေးတဲ့ အနေနဲ့ ဦးပုညကို ရေးခိုင်းတဲ့ “ဗဓုမ ပေါင်တို ဇာတ်ကို ဘုရားလောင်း နုစဥ် အခါက အစချီပြီး” ရေးခဲ့တဲ့ ဇာတ်တော်တွေလိုပဲ လူမှုထိန်းချုပ်မှု (Social Control) နှင့် ဂုဏ်သိက္ခာ (Reputation)နဲ့ ဆိုင်တဲ့ စည်းကမ်း၊ဥပဒေ၊စံနှုန်းတွေ အမျိုးမျိုး ပေါ်ပေါက်လာတယ်။ အဲ့ဒီနောက်
  • ပရဟိတ/ မိမိအကျိုးထက် အများအကျိုးကို ဦးစားပေးခြင်း (Altruism): မိမိအတွက် အန္တရာယ်ရှိစေသည့်တိုင်အောင် အခြားအုပ်စုဝင်တစ်ဦးကို ကူညီခြင်းဟာ ရေရှည်မှာ အကျိုးရှိတယ်ဆိုတာ နားလည်လာခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့
  • (အပြန်အလှန် အနေနဲ့ အချင်းချင်း အကျိုးပြုသူ - Reciprocal Altruism)များက ကိုယ့်ကို ပြန်ကူညီလိမ့်မယ်လို့ ယုံကြည်လာကြတယ် ။
  • ဂုဏ်သိက္ခာကို တည်ဆောက်ခြင်း: အမဲလိုက်စုဆောင်းသူကစတင်လာခဲ့တဲ့ လူ့အဖွဲ့အစည်းတွေဟာ အနည်းစုကနေ တဖြည်းဖြည်း အုပ်စုကြီးထားလာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ သိနေကြတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ (Reputation) ဟာ အရေးကြီးလာတယ်။ ကောင်းတဲ့သူအဖြစ် နာမည်ကောင်းရမှသာ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွဲခေါ်မယ့်သူ၊ အစားအစာ မျှဝေမယ့်သူ ရှိမှာဖြစ်တယ်။
  • စည်းကမ်းဖောက်ဖျက်သူကို အပြစ်ပေးခြင်း: အုပ်စုအတွင်းမှာ ကိုယ်ကျိုးပဲကြည့်ပြီး ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့သူ ဒါမှမဟုတ် စည်းကမ်းဖောက်ဖျက်တဲ့သူကို ပြစ်ဒဏ်ပေးခြင်း (ဥပမာ- အုပ်စုကနေ နှင်ထုတ်ခြင်း) ဟာ အုပ်စုရဲ့ စည်းလုံးမှုကို ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ ဒီလို စည်းကမ်းထိန်းသိမ်းမှုကနေ "ကောင်း" ခြင်း၊ "ဆိုး" ခြင်း ဆိုတဲ့ သတ်မှတ်တဲ့ စံနှုန်းတွေ ပိုမို ခိုင်မာလာခဲ့တယ်။

Friedrich Nietzsche ရဲ့ ရှုထောင့်အမြင်အရပြောရမယ်ဆိုရင်

သခင်ရဲ့ ကိုယ်ကျင့်တရား (Master Morality): အစောပိုင်း အင်အားကြီးသူ၊ အုပ်ချုပ်သူတွေက သူတို့အတွက် ကောင်းတဲ့အရာ (ဥပမာ- ခွန်အား၊ မာန၊ ရဲရင့်မှု) ကို ကောင်းခြင်း "Good" လို့ သတ်မှတ်ခဲ့တယ်။

  • ကျွန်ရဲ့ ကိုယ်ကျင့်တရား (Slave Morality): နောက်ပိုင်းမှာ အင်အားနည်းပြီး ဖိနှိပ်ခံရသူတွေ (ကျွန်များ) က သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့အတွက် "Ressentiment" (မကျေနပ်ချက်/နာကြည်းမှု) ကနေတစ်ဆင့် ကိုယ်ကျင့်တရား အသစ်တစ်ခုကို "ဖန်တီး" ခဲ့တယ်။ အဲဒီ ကိုယ်ကျင့်တရားက အင်အားကြီးသူတွေရဲ့ ဂုဏ်ပုဒ်ဖြစ်တဲ့ "ခွန်အား" ကို "Evil" (ဆိုးယုတ်မှု) လို့ ပြောင်းပြန် သတ်မှတ်လိုက်ပြီး၊ စာနာမှု၊ နှိမ့်ချမှု၊ သည်းခံမှု ကိုသာ "Good" အဖြစ် သူတို့အတွက် အကျိုးရှိစေတဲ့အရာကို ပုံဖော်ဖန်တီးကြပြန်တယ်။

ဥပမာ အနေနဲ့ Robinhood ရုပ်ရှင်ဇာတ်လမ်းကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ရောဘင်ဟု ဇာတ်လမ်းကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အလယ်ပိုင်းခေတ်ရဲ့ လူနေမှုပုံစံကို မြင်တွေ့ရမှာဖြစ်တယ်။ ဓနရှင်နဲ့ အောက်ခြေလူတန်းစားတွေရဲ့ကြား မညီမျှမှုတွေ ၊ အမြတ်ကြီးစားမှုတွေကနေတဆင့် တော်လှန်ရေးတွေ၊ တိုက်ပွဲတွေကို ဖြစ်ပေါ်လာရင်း လူသားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ စနစ်တွေ ၊ကျင့်ဝတ်တွေ ထက်မံ ပေါ်ပေါက်လာခဲ့တယ်။

ဒီလိုနဲ့ "ကောင်း-ဆိုး" (Good-Evil) ဆိုတဲ့ အယူအဆကြီးဟာ လူမှုအင်အားစုနှစ်ခုကြားက တိုက်ပွဲကနေ တီထွင် ပေါ်ပေါက်လာတာလို့ Nietzsche က ရှုမြင်ခဲ့ပါတယ်။

နောက်ဆုံး ခေတ်သစ် (Modern) နှစ် ၅၀ မှာတော့ ကမ္ဘာ့ကြီးဟာ ရွာကြီးတရွာလို့ တင်စားလာကြတယ်။ နည်းပညာ တိုးတက်လာမှုနဲ့ အညီ လူတိုင်းအတွက် တန်းတူညီမျှရေး (Universal Values) ကို အလေးပေးလာကြတယ်၊ ယခင်က သတ်မှတ်ခဲ့တဲ့ ရိုးရာ ကိုယ်ကျင့်တရားတွေကို ပြန်လည်သုံးသပ်ခြင်းတွေဖြစ်ပေါ်လာခဲ့တယ်။

ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနိကဗေဒ (Ethics or Moral Philosophy) ဆိုတာ ဘာလဲ။

ကျွန်မတို့ နေ့စဥ် ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေပေါ်မှာ လူတွေက မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ အပေါ်မှာ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မက အတွေးသမားဆိုတော့ အမြဲတမ်း စဥ်းစားခဲ့ဘူးတယ် မှားခြင်းဆိုတာဘာလဲ၊ မှန်ခြင်းဆိုတာ ဘာလဲ၊ မှားတော့ဘာဖြစ်မှာလဲ၊ မှန်တော့‌ရော ဘာဖြစ်မှာလဲ ဆိုတဲ့ အကြောင်းအရာပေါ်မှာပေါ့။

သိတဲ့အတိုင်းပဲ ကျွန်မ ဗီဇ အတိုင်း တခုခုဆို သိချင်ရင် ရေကုန်ရေခန်း လေ့လာတတ်တဲ့ ဝါသနာအရ မှားခြင်း မှန်ခြင်း နဲ့ပတ်သက်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနိကဗေဒ (Ethics or Moral Philosophy) ဆိုင်တဲ့ ပညာရပ်ရှိတယ်ဆိုတာသိလာရတယ်။ အဓိကအားဖြင့် ကျင့်ဝတ်နဲ့ပတ်သက်ရင် အမြင် သုံးမျိုးတွေ့ရပါတယ်။ နည်းနည်းတော့ ခေါင်းစားစရာဖြစ်ပေမယ့် ကျွန်မတို့ အတူတူ လေ့လာကြည့်ရအောင်

၁။ ရလဒ်ဗဟိုပြု ကျင့်ဝတ် (Consequentialism) ဆိုတာဘာလဲ။

ရလဒ်ဗဟိုပြု ကျင့်ဝတ် ဆိုတာကလွယ်လွယ်ပြောရရင် "အကျိုးရှိရင် ပြီးရောကွာ" ဆိုတဲ့ အကျင့်သီလဆိုင်ရာ အယူအဆ (Ethical Theory) အယူအဆတစ်ခုပေါ့။

သူက ဘယ်လိုလဲဆိုတော့..."မင်း လုပ်တဲ့ လုပ်ရပ်က မှန်သလား၊ မှားသလားဆိုတာ မင်းရဲ့ ရည်ရွယ်ချက်ကို မကြည့်ဘူး။ နောက်ဆုံး ဘာ ရလဒ် ထွက်လာလဲဆိုတာပဲ ကြည့်တယ်! "ဒီသဘောတရားက ရိုးရိုးလေးပါပဲ။

ကျွန်မတို့တွေ လုပ်ရပ်တခုလုပ်လိုက်လို့ အဲ့ဒီလုပ်ရပ်က ကောင်းမွန်တဲ့ ရလဒ် (ပျော်ရွှင်မှုများ၊ အကျိုးကျေးဇူးများ) ထွက်လာရင် "မှန်တယ်!"၊ လုပ်လိုက်လို့ ဆိုးရွားတဲ့ ရလဒ် (နာကျင်မှုများ၊ ထိခိုက်မှုများ) ထွက်လာရင် "မှားတယ်!" လို့ သတ်မှတ်ထားတယ်။ အနှစ်ချုပ်ကတော့ "ရည်မှန်းချက် ပြည့်မီဖို့အတွက် ဘယ်နည်းလမ်းသုံးသုံး ရတယ်" ဆိုတဲ့ "The end justifies the means" ပေါ့။

ဒီအယူအဆထဲမှာ အရေးအပါဆုံးဖြစ်တဲ့ အသုံးဝင်မှုဝါဒ (Utilitarianism) ကတော့ "လူအများစုအတွက် အကြီးမားဆုံး ပျော်ရွှင်မှု ဖြစ်စေတာ မှန်ကန်တယ်" တဲ့။ ဥပမာ- ဆေးတစ်မျိုးက လူ ၁,၀၀၀,၀၀၀ ကို အကျိုးပြုပြီး လူ ၁၀၀ ပဲ ဒုက္ခပေးမယ်ဆိုရင်၊ ထုတ်လိုက်သင့်တယ်ပေါ့။

၂။ တာဝန်ဗဟိုပြု ကျင့်ဝတ် (Deontology) ဆိုတာဘာလဲ။

တာဝန်ဗဟိုပြု ကျင့်ဝတ် (Deontology) ဆိုတာ "စည်းကမ်းအတိုင်းပဲ သွားမယ်!" ဆိုတဲ့ အယူအဆပဲ။ ဒီတစ်ခုကတော့ ပထမတစ်ခုနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ! Deontology က ဂရိစကား "deon" ဆိုတဲ့ (တာဝန်၊ duty) ကနေ လာတာဖြစ်တယ်။ သူက ဘယ်လို ပြောလဲဆိုတော့ “ မင်းရဲ့ လုပ်ရပ်ကနေ ဘာ ရလဒ် ထွက်လာလဲဆိုတာ ငါ ဂရုမစိုက်ဘူး! မင်းရဲ့ လုပ်ရပ်ဟာ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းတွေ၊ တာဝန်ဝတ္တရားတွေ ကို လိုက်နာသလား၊ မလိုက်နာသလားဆိုတာပဲ ငါကြည့်မယ်!"ဆိုတဲ့ ဒသာန ။

လုပ်ရပ်တစ်ခုဟာ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်း၊ တာဝန်ဝတ္တရား (Moral Rules or Duties) တွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိပေါ်မှာသာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။

"မလိမ်ညာရ"၊ "ကတိတည်ရမယ်" စတဲ့ တာဝန်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ပဲက အဓိက။ "ရလဒ်ဆိုးရွားပါစေ၊ မှန်ကန်တဲ့အရာကို လုပ်ဆောင်ပါ" (Do the right thing, even if the outcome is bad.) ရလဒ်ကို ပဓာနမထားဘူးဆိုတဲ့ သဘောတရားကို ကိုင်စွဲထားတယ်။

၃။ ဂုဏ်ပုဒ်ကောင်းများကို ဗဟိုပြုသည့် ကျင့်ဝတ် (Virtue Ethics) ဆိုတာဘာလဲ။

"လူကောင်းဖြစ်နေဖို့က အဓိက" ဆိုတဲ့ ဒဿန။ Virtue Ethics ဆိုတာကတော့ Deontology (တာဝန်) နဲ့ Consequentialism (အကျိုးဆက်) တို့လို လုပ်ရပ်အပေါ် အာရုံစိုက်တဲ့ ကျင့်ဝတ်ဒဿနတွေနဲ့ မတူဘဲ၊ ပြုမူသူ (moral agent) ရဲ့ စရိုက်လက္ခဏာ (Character) အပေါ်မှာ အဓိကထား အာရုံစိုက်တဲ့ ကျင့်ဝတ်သဘောတရား ဖြစ်ပါတယ်။

မေးခွန်းက "ကျွန်မတို့ ဘာလုပ်သင့်သလဲ" မဟုတ်ဘူး...

"ကျွန်မတို့ဟာ ဘယ်လိုလူမျိုး ဖြစ်သင့်သလဲ?" ဆိုတာ ဖြစ်တယ်။

ဆိုလိုတာက မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဖို့ထက်၊ ကောင်းမြတ်တဲ့ စရိုက်လက္ခဏာ (virtuous character) ကို ပိုင်ဆိုင်ဖို့က ပိုအရေးကြီးတယ်လို့ ယူဆကြတယ်။

"လူကောင်းတစ်ယောက်" ဆိုရင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့အရာကို အလိုအလျောက် ရွေးချယ်တတ်လိမ့်မယ်လို့ သူတို့က ယုံကြည်ကြတယ်။ Virtue Ethics (ဂုဏ်သတ္တိ ကျင့်ဝတ်) ရဲ့ ဖခင်လို့ သတ်မှတ်ထားတဲ့ ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle)ရဲ့ အဓိကထား အသုံးပြုခဲ့တဲ့ Eudaimonia ဆိုတာ ဂရိဘာသာစကားနဲ့ "ကောင်းမွန်သော စိတ်ဝိညာဉ် ရှိခြင်း" ပေါ့။ ဒါဟာ ဘဝတစ်လျှောက်လုံး ကိုယ့်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း (Reason) ကို အသုံးပြုပြီး၊ ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမြတ်တဲ့ ဂုဏ်သတ္တိများ (Moral Virtues) ကို အဆက်မပြတ် ကျင့်ကြံအားထုတ်နေတဲ့ "လူ့ဘဝ ကောင်းမွန်စွာ နေထိုင်ခြင်း" (Flourishing Life) ကို ဆိုလိုတာပါ။

ဒါဟာ ခဏတာ ပျော်ရွှင်မှု မဟုတ်ဘူး၊ လူတစ်ဦးဟာ ကိုယ့်ရဲ့ စရိုက်လက္ခဏာ ကောင်းမြတ်ခြင်း (virtues) တွေ အားလုံးကို အပြည့်အဝ ထုတ်ဖော် အသုံးချပြီး၊ အသိဉာဏ်နဲ့ ပြည့်စုံတဲ့ ဘဝကို အကောင်းဆုံး နေထိုင်ခြင်းအားဖြင့် ရရှိတဲ့ လူ့ဘဝရဲ့ အမြင့်ဆုံး အောင်မြင်မှု သို့မဟုတ် ပြည့်စုံမှု ပါပဲလိုဆိုထားပါတယ်။

အရစ္စတိုတယ်ကဆက်လက်ပြီး ကောင်းမွန်တဲ့ စရိုက်ကို ထူထောင်ဖို့ အလယ်အလတ်လမ်းစဥ် (Golden Mean) ကို ကျင့်သုံးဖို့ ပြောခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ လမ်းစဉ်လိုပဲ အစွန်းနှစ်ဖက် ကင်းအောင် နေခိုင်းတဲ့ “မဇ္ဈိမပဋိပဒါ” နဲ့ အတူတူပါပဲ။ ဥပမာ: သတ္တိရှိခြင်း (Courage) ဆိုတဲ့ ဂုဏ်သတ္တိက

  • တစ်ဖက်က မဆင်မခြင် ရဲရင့်ခြင်း (Recklessness) နဲ့
  • နောက်တစ်ဖက်က ကြောက်ရွံ့လွန်းခြင်း (Cowardice) ရဲ့
  • အလယ် မှာ ရှိတယ်။

အလယ်အလတ်လမ်းကို လိုက်တာဟာ လူကောင်းဖြစ်ဖို့ လမ်းစပဲလို့ သူက ဆိုထားတယ်။ ပြန်ပြီး အကျဥ်းချုပ် ရရင်

  • ရလဒ်ဗဟိုပြု ကျင့်ဝတ် (Consequentialism) ဆိုတာ အကောင်းဆုံးရလဒ် ထွက်ပေါ်ရင် မှန်ကန်တယ်။
  • တာဝန်ဗဟိုပြု ကျင့်ဝတ် (Deontology) ဆိုတာ စည်းမျဉ်း ကို လိုက်နာရင် မှန်ကန်တယ်။
  • ဂုဏ်ပုဒ်ကောင်းများကို ဗဟိုပြုသည့် ကျင့်ဝတ် (Virtue Ethics) ဆိုတာ သင်က လူကောင်း ဖြစ်နေရင် မှန်ကန်တဲ့အရာကို လုပ်မိလိမ့်မယ် ဆိုတဲ့ လူတစ်ဦးရဲ့ စိတ်ရင်းနှင့် စရိုက်လက္ခဏာကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ အမှန်တရားကို ရှာဖွေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ ကိုယ်ကျင့်တရား တန်ဖိုးတွေဟာ ညဘက် ကားမောင်းတဲ့အခါ ရှေ့ကို ထိုးထားတဲ့ ကားရှေ့မီးတွေ လိုပဲ။ မီးက အဝေးကြီးကို မြင်အောင် မကူညီနိုင်ဘူး။ ဒါပေမဲ့ အဲဒီမီးရောင်ကို မှီခိုပြီး လိုက်နာမယ်ဆိုရင်တော့ ခရီးရှည်ကြီးကို လုံခြုံစွာ ဆက်လက် သွားနိုင်မှာလို့ ကျွန်မတော့ ယုံကြည်တယ်။ ဒီတော့ ကျွန်မတို့အားလုံး ဒီအမြင်တွေကို မှတ်ထားပြီး ဘယ်လိုလူကောင်းတွေ ဖြစ်လာကြမလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြရအောင်။

စာဖတ်သူ အနေနဲ့ ဒီအယူအဆ (၃) မျိုးထဲက ဘယ်တစ်ခုကို ပိုပြီး စိတ်ဝင်စားလဲ၊ ဒါမှမဟုတ် ဘယ်တစ်ခုက ပိုမှန်တယ်လို့ ထင်ပါသလဲ။ဆက်ပြောရရင်

Vicious Cycle Vs. Virtuous Cycle

Figure from the submitted paper

Figure 2 : Vicious Cycle

Vicious Cycle ဆိုတာဘာလဲ။ Virtuous Cycle ဆိုတာဘာလဲ ဆိုပြီး 27.11.25 တုန်းက ဆိုရှယ်မီဒီယာမှာ တင်ခဲ့တယ်။

မြန်မာလို မကောင်းမှုသံသရာ ရပ်ဝန်း၊ ပါဠိလို ဒုစရိုက်ရပ်ဝန်း ဆိုတဲ့ (Vicious Cycle) ဟာ အပျက်သ‌ဘောဆောင်တဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ လည်ပတ်နေတဲ့ ဂျာအေးသူအမေရိုက် ဆိုတဲ့ ကဗျာလေးလိုပဲ လှည့်ပတ်နေတဲ့ ရပ်ဝန်းတစ်ခုဖြစ်တယ်။

Figure from the submitted paper

Figure 4 : Vicious Cycle Ignorance & Poverty “မတတ်လို့ မသင်… မသင်လို့ မတတ်”

မကောင်းမှု ရပ်ဝန်းဆိုတာ မသိခြင်းတွေ (Ignorance )၊ နောက်ပြီး ကိုယ်သိနေတဲ့ အသိလေးတစ်ခုကိုစွဲကိုင်ထားရင်း ကိုယ်ထင်ရာ ကိုယ်ပြောကြ၊ လုပ်ကိုင်ကြရင်းကနေ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ၊ လုပ်ငန်းခွင်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီလိုရပ်ဝန်းမျိုး တစ်ယောက်ကစပြီး တဖြည်းဖြည်း အင်အားကြီးလာရင် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုခံစားရနိုင်တယ်လို့ရေးခဲ့တယ်။

သိတဲ့အတိုင်းပဲလေ ကျွန်မတို့ ရှင်သန်နေတဲ့ ကမ္ဘာကြီးမှာ စိတ်ဝင်စားစရာတွေ လေ့လာစရာတွေဆိုတာ များပြားနေပေမယ့်လည်း တချို့က မလေ့လာလည်း အရေးမကြီးပါဘူးကွာ ၊ ဒါတွေက အလကားပါ လေကြီးနေတာပါ ဆိုပြီး အပြစ်တင်ဝေဖန်ရင်း သက်သောင့်သက်သာ ကမ္ဘာထဲမှာပဲ ပျော်နေကြတယ်။

ကိုယ့်မှာရှိတဲ့ တန်ဖိုးလေးအတိုင်းပဲ ရောင့်ရဲပြီး ကြွားဝါမှုတွေကြားမှာ ပျော်ဝင်နေမယ်ဆိုရင် ဒီလို မသိခြင်းတွေများလာတဲ့အခါ လူ့ဘောင်အဖွဲ့ အစည်းမှာလည်း ဆင်းရဲမွဲတေမှုဆီကို ဦးတည်သွားနေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်ငန်းတိုးတက်မှုတွေ ကျဆင်းလာပါလိမ့်မယ်။

မသိခြင်းဆိုတဲ့ ဝဲဂယက်ကြီးနဲ့ မသိချင်ယောင်ဆောင်ခြင်း ဆိုတဲ့ ဝဲဂယက်ကြီးက မုန်တိုင်းတစ်ခုလိုပဲ တစ်ယောက်ကစပြီး တဖြည်းဖြည်း အင်အားကြီးမားလာပြီး ဆင်းရဲ မွဲတေမှုတွေဆီကို ဆွဲခေါ်သွားပါလိမ့်မယ်။

Virtuous Cycle ဆိုတဲ့ ကောင်းမှုသံသရာ ရပ်ဝန်း၊

Figure from the submitted paper

Figure 5 : Virtuous Cycle

အဲ့ဒီလိုမဖြစ်အောင် Virtuous Cycle ဆိုတဲ့ ကောင်းမှုသံသရာ ရပ်ဝန်း၊ ပါဠိလို သုစရိုက်ရပ်ဝန်း ဖြစ်အောင် ကောင်းမွန်တဲ့ ပန်းတိုင်တွေချမှတ်မယ်။ ကောင်းမွန်တဲ့ အပြုအမူတွေနဲ့ လုပ်ဆောင်ကြမယ်။ မျိုးစေ့မမှန် ပင်မသန် ဆိုသလိုမဖြစ်အောင် ကောင်းမွန်တဲ့ မျိုးစေ့ချပြီး လုပ်ဆောင်ရင် ကောင်းတဲ့ ရလာဒ်တွေရလာမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်မတို့ ဘာအလုပ်ကိုပဲလုပ်လုပ် အရင်ဆုံး ကိုယ်သွားနေတဲ့ပန်းတိုင်ကို သိပြီး တည်ဆောက်ဖို့လိုပါတယ်။အဲ့ဒီလို ကောင်းမှုသံသရာ ရပ်ဝန်း၊ တည်ဆောက်တဲ့အခါမှာ ကမ္ဘာတဝှမ်း အောင်မြင်ကျော်ကြားနေတဲ့ စီးပွားရေး လုပ်ငန်းတွေ သူတို့ရဲ့ စီးပွားရေးတွေမှာ ဘယ်လို ကောင်းမှုရပ်ဝန်းကို ခေတ်နဲ့အတူ ယှဥ်တွဲပေါ်ပေါက်လာတဲ့ နည်းပညာတွေ၊ မိမိတို့ သင်ယူ၊ လေ့လာ ၊ အလုပ် လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံတွေကို အသုံးပြုပြီး ဘယ်လို တိုးတက်လာသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

Case Study (1): The virtuous cycle of innovation business model: Amazon

Figure from the submitted paper

Amazon ရဲ့ မဟာဗျူဟာမြောက် စီးပွားရေးမော်ဒယ်တစ်ခုဖြစ်တဲ့ "Virtuous Cycle" (ဒါမှမဟုတ် Amazon Flywheel Model) အကြောင်း ရှင်းပြပေးရရင်

Amazon တည်ထောင်သူ Jeff Bezos က ၂၀၀၁ ခုနှစ်မှာ ““The lower the prices Amazon can offer, the more appealing the platform will be to consumers” ပိုမို သက်သာတဲ့ စျေးနှုန်းနဲ့ ဝယ်ယူသူတွေကို ရောင်းချနိုင်ရင် စားသုံး/ဝယ်ယူသူ တွေကိုပိုမိုဆွဲဆောင်နိုင်မယ်ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အထက်ပါ ပုံကြမ်းကို လက်ကိုင်ပုဝါ/စာရွက်တစ်ရွက်ပေါ်မှာ လက်ရေးနဲ့ ရေးဆွဲခဲ့ရာမှစပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးကွန်ရက်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒီမော်ဒယ်ရဲ့ အဓိကသဘောတရားက "အစိတ်အပိုင်းတစ်ခု တိုးတက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေကိုပါ အလိုအလျောက် ပိုမိုမြန်ဆန် စက်ဝိုင်းလည်ပတ်စေတာ" ဖြစ်ပါတယ်။

Virtuous Cycle ဘယ်လိုလည်ပတ်သလဲ?

ဒီစက်ဝိုင်းမှာ အဓိက အစိတ်အပိုင်း ၄ ခု အချိတ်အဆက်မိမိ လည်ပတ်နေပါတယ်-

  • Customer Experience (ဝယ်ယူသူအတွေ့အကြုံ): Amazon ဟာ ပစ္စည်းဈေးနှုန်း သက်သာရေး၊ ပို့ဆောင်မှု မြန်ဆန်ရေးနဲ့ ပစ္စည်းစုံလင်ရေးတို့ကို ဦးစားပေးပြီး ဝယ်သူတွေ ကျေနပ်အောင် စတင်လုပ်ဆောင်ပါတယ်။
  • Traffic (ဝင်ရောက်ကြည့်ရှုသူများပြားခြင်း): ဝယ်သူအတွေ့အကြုံ ကောင်းမွန်တဲ့အတွက် Amazon Website သို့ အလည်အပတ် လာရောက်ဝယ်ယူသူ ဦးရေ (Traffic) များပြားလာပါတယ်။
  • Sellers (ရောင်းချသူများ စိတ်ဝင်စားလာခြင်း): ဝယ်သူအမြောက်အမြားရှိနေတဲ့အတွက် အပြင်က Third-party ရောင်းချသူ (Sellers) တွေကပါ Amazon ပလပ်ဖောင်းပေါ်မှာ လာရောက်ရောင်းချချင်လာကြပါတယ်။
  • Selection & Low Cost (ပစ္စည်းစုံလင်မှုနှင့် ဈေးနှုန်း): ရောင်းချသူတွေ များလာတဲ့အတွက် ပစ္စည်းအမျိုးအစား (Selection) ပိုမိုစုံလင်လာပြီး Amazon ရဲ့ လုပ်ငန်းပမာဏ စကေး (Scale) ကြီးမားလာပါတယ်။

အဓိကအချက် (Growth Engine): လုပ်ငန်းပမာဏ ကြီးမားလာတာနဲ့အမျှ Operating Costs (ကုန်ကျစရိတ်) လျော့ကျသွားပြီး Economies of Scale ရရှိလာပါတယ်။ ဒီလို ကုန်ကျစရိတ် သက်သာလာတာကြောင့် ဈေးနှုန်းတွေကို ပိုမိုလျှော့ချပေးနိုင်ကာ Customer Experience ကို ပိုမိုကောင်းမွန်အောင် ပြန်လည်မြှင့်တင်ပေးလိုက်တာကြောင့် စက်ဝိုင်းကြီးက ပိုမိုမြန်ဆန်စွာ လည်ပတ်သွားပါတယ်။

Amazon Innovation ရဲ့ သက်ရောက်မှု

Amazon ဟာ ဒီ Virtuous Cycle ထဲမှာ Prime Membership၊ FBA (Fulfilment by Amazon) စတဲ့ နည်းပညာနဲ့ ဝန်ဆောင်မှုအသစ်တွေကို တီထွင်ပေါင်းစပ်လိုက်တဲ့အခါ စက်ဝိုင်းလည်ပတ်မှုအရှိန် (Flywheel Effect) ဟာ ပိုမိုအားကောင်းလာခဲ့ပါတယ်။

နည်းပညာ / လုပ်ဆောင်ချက်များ က Flywheel ပေါ် သက်ရောက်မှု

Amazon Prime: အခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် Customers’ Satisfaction သုံးစွဲသူများ စိတ်ကျေနပ်မှု ရတယ် မရဘူး ဆိုတဲ့ Customers Experience ကို မြှင့်တင်ပေးကာ ဝယ်ယူသူများ အမြဲပြန်လာစေရန် ဆွဲဆောင်သည်။

AWS (Cloud Services): ရရှိလာသော အမြတ်ငွေဖြင့် IT Infrastructure ကို ပိုမိုတိုးတက်စေကာ ကုန်ကျစရိတ် နည်းပါးအောင် ကူညီသည်။

Fulfillment by Amazon: ရောင်းသူများအတွက် ကုန်ပစ္စည်းသိုလှောင်မှုနှင့် ပို့ဆောင်မှုကို လွယ်ကူစေကာ Sellers များကို ပိုမိုဆွဲဆောင်သည်။

Case Study (2): The virtuous cycle of innovation business model: Uber

Uber ရဲ့ "Virtuous Cycle" (သို့မဟုတ် Uber Flywheel Model) ဆိုတာ နှစ်ဖက်ကုန်သွယ်ကွန်ရက် (Two-Sided Marketplace) ကို အခြေခံပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်လည်ပတ်နေတဲ့ စီးပွားရေးစက်ဝိုင်းမော်ဒယ် ဖြစ်ပါတယ်။

ဒီမော်ဒယ်မှာ "ယာဉ်မောင်းများလာလေ ခရီးသည်အတွက် ပိုကောင်းလေ၊ ခရီးသည်များလာလေ ယာဉ်မောင်းအတွက် ပိုကောင်းလေ" ဆိုတဲ့ Network Effect ကို အဓိက အသုံးပြုထားပါတယ်။

Uber Virtuous Cycle ၏ အဓိက လည်ပတ်ပုံအဆင့်ဆင့်

More Drivers (ယာဉ်မောင်း ပိုမိုများပြားလာခြင်း):

  • Uber ပလပ်ဖောင်းပေါ်မှာ ယာဉ်မောင်း (Drivers) တွေ ပိုမိုများပြားလာတဲ့အခါ မြို့တွင်း နေရာအနှံ့ ကားရောက်ရှိမှု ကျယ်ပြန့်လာပါတယ်။

Faster Pickups & Less Wait Times (ကားစောင့်ဆိုင်းချိန် တိုတောင်းလာခြင်း):

  • ယာဉ်မောင်းများတဲ့အတွက် ခရီးသည် (Riders) တွေအနေနဲ့ ခေါ်လိုက်တာနဲ့ ကားချက်ချင်းရောက်ရှိလာပြီး စောင့်ဆိုင်းရချိန် (Pickup Time) သိသိသာသာ နည်းပါးသွားပါတယ်။

Better Customer Experience & More Demand (ခရီးသည်များပြားလာခြင်း):

  • စောင့်ရချိန်တိုပြီး အဆင်ပြေတဲ့အတွက် ခရီးသည်အတွေ့အကြုံ (Customer Experience) ကောင်းမွန်လာကာ Uber ကို ပိုမိုအသုံးပြုလာကြပါတယ်။

More Driver Earnings & Less Downtime (ယာဉ်မောင်းများ ဝင်ငွေတိုးလာခြင်း):

  • ခရီးသည်နဲ့ ခရီးစဉ် ပိုများလာတဲ့အတွက် ယာဉ်မောင်းတွေ အလကား ရပ်စောင့်နေရတဲ့အချိန် (Downtime) နည်းသွားပြီး တစ်နာရီလျှင် ရရှိသော ဝင်ငွေ (Earnings per hour) ပိုမို မြင့်မားလာပါတယ်။

Loop back to More Drivers (ယာဉ်မောင်းများ ပိုမိုဆွဲဆောင်နိုင်ခြင်း):

  • ဝင်ငွေကောင်းပြီး အလုပ်ရလွယ်ကူတဲ့အတွက် Uber မှာ မောင်းနှင်လိုတဲ့ ယာဉ်မောင်းအသစ်တွေ ပိုမိုဝင်ရောက်လာကြပြီး စက်ဝိုင်းကြီးကို ပိုမိုမြန်ဆန်စွာ အရှိန်မြှင့် လည်ပတ်စေပါတယ်။

အနှစ်ချုပ်ရရင် Amazon နဲ့ Uber ရဲ့ Innovation မော်ဒယ်ဟာ ခရီးသည်နဲ့ ယာဉ်မောင်း နှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးပြုစေတဲ့ Dynamic Balance ကို ဖန်တီးပေးထားတာကြောင့် လုပ်ငန်းကို အချိန်တိုအတွင်း ကမ္ဘာအနှံ့ ချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ Amazon၊ Uber နဲ့ Netflix တို့လို ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ကိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ကောင်းမှုရပ်ဝန်းကို တည်ဆောက်ခဲ့ကြသလို မြန်မာပြည် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေထဲ ကောင်းမှုရပ်ဝန်းကိုတည်ဆောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းအကြောင်းပြောရရရင် မြင့်မြင့်ခင် မြန်မာ့ရိုးရာ (ထိုးမုန့်) မုန့်လုပ်ငန်းလုပ်ငန်းဟာလည်း မပါမဖြစ်ပြောရမှာ ဖြစ်ပါတယ်။

Case Study (3) Myint Myint Khin Myanmar Traditional Snacks

Virtuous Cycle of Innovation Business Model (ဆန်းသစ်တီထွင်မှု၏ အပြုသဘောဆောင်သော လည်ပတ်မှုစက်ဝန်း)

မြင့်မြင့်ခင် မြန်မာ့ရိုးရာ (ထိုးမုန့်) မုန့်လုပ်ငန်းရဲ့ စီးပွားရေးတွေမှာ ကောင်းမွန်သော စိတ်စေတနာကို အရင်းတည်ပြီး၊ ခေတ်နဲ့အတူ ယှဥ်တွဲပေါ်ပေါက်လာတဲ့ နည်းပညာတွေ၊ မိမိတို့ သင်ယူ၊ လေ့လာ ခဲ့တဲ့ ပညာရပ်တွေ နဲ့ ဘဝတစ်လျှောက် အလုပ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး ဘယ်လို တိုးတက်လာသလဲဆိုတာ လေ့လာကြည့်ကြရရင်

Vision (မျှော်မှန်းချက်)

မြင့်မြင့်ခင် မြန်မာ့ရိုးရာ (ထိုးမုန့်) မုန့်လုပ်ငန်းရဲ့

"ကျန်းမာရေးနှင့်ညီညွတ်သော၊ အရသာကောင်းမွန်သော၊ သင့်တင့်သောဈေးနှုန်းဖြင့် မြန်မာ့ရိုးရာမုန့်များကို လူတိုင်းအတွက် ပေးစွမ်းရန်။"

ဆိုတဲ့ စိတ်စေတနာကောင်း ရည်ရွယ်ချက်ကောင်း နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Figure from the submitted paper

မြင့်မြင့်ခင် မြန်မာ့ရိုးရာ (ထိုးမုန့်) မုန့်လုပ်ငန်းရဲ့ တည်ဆောက်ထားတဲ့ ကောင်းမှုရပ်ဝန်း အကြောင်းကိုပြောရမယ်ဆိုရင်

(၁) ဖောက်သည်လိုအပ်ချက်များကို လေ့လာခြင်း

• စားသုံးသူအကြိုက်ကို သိရှိခြင်း

• ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များ၏ လိုအပ်ချက်ကို လေ့လာခြင်း

• Customer Feedback များကို စုဆောင်းခြင်း

(၂) ထုတ်ကုန်ဆန်းသစ်တီထွင်ခြင်း

• ရိုးရာမုန့်ပြုလုပ်နည်းများကို တိုးတက်အောင် ပြုလုပ်ခြင်း

• သဘာဝကုန်ကြမ်းကောင်းများ အသုံးပြုခြင်း

• ကျန်းမာရေးနှင့်ညီညွတ်သော မုန့်အသစ်များ ဖန်တီးခြင်း

(၃) တန်ဖိုးဖန်တီးခြင်း (Value Creation)

• ကျန်းမာရေးနှင့်ညီညွတ်ခြင်း

• အရသာကောင်းမွန်ခြင်း

• သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချခြင်း

(၄) ဖောက်သည်ကျေနပ်မှု

• အရည်အသွေးမြင့်မားခြင်း

• အရသာကောင်းမွန်ခြင်း

• ဈေးနှုန်းနှင့် တန်ဖိုးကိုက်ညီခြင်း

(၅) ဖောက်သည်သစ္စာရှိမှု (Customer Loyalty)

• ထပ်မံဝယ်ယူခြင်း

• အခြားသူများကို ညွှန်းဆိုပေးခြင်း

• Brand အပေါ် ယုံကြည်မှုတိုးလာခြင်း

(၆) လုပ်ငန်းတိုးတက်မှု

• အရောင်းတိုးလာခြင်း

• အမြတ်တိုးလာခြင်း

• ဈေးကွက်နှင့် ထုတ်ကုန်အသစ်များ တိုးချဲ့ခြင်း

(၇) ဆန်းသစ်တီထွင်မှုတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း

• သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)

• ထုတ်လုပ်မှုနည်းပညာ တိုးတက်အောင် လုပ်ခြင်း

• ဝန်ထမ်းများ၏ ကျွမ်းကျင်မှု မြှင့်တင်ခြင်း

└──────────────►

ဒီလိုနဲ့ပဲ ဆန်းသစ်တီထွင်မှုစက်ဝန်းကို ဆက်လက်လည်ပတ်စေပါတယ်။

Virtuous Cycle ၏ အဓိကအချက်များ

အဆင့်Myint Myint Khin Myanmar Traditional Snacks တွင် အသုံးချပုံ
ဖောက်သည်လိုအပ်ချက်စားသုံးသူများ၏ အကြိုက်၊ ကျန်းမာရေးလိုအပ်ချက်နှင့် ဈေးနှုန်းမျှော်လင့်ချက်ကို လေ့လာခြင်း
ထုတ်ကုန်ဆန်းသစ်တီထွင်ခြင်းမြန်မာ့ရိုးရာအရသာကို ထိန်းသိမ်းထားပြီး ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များ ထုတ်လုပ်ခြင်း
တန်ဖိုးဖန်တီးခြင်း"ကျန်းမာ၊ အရသာကောင်း၊ ဈေးနှုန်းသင့်တင့်" ဟူသော တန်ဖိုးကို ပေးစွမ်းခြင်း
ဖောက်သည်ကျေနပ်မှုအရည်အသွေးကောင်းသော ထုတ်ကုန်ကြောင့် ဖောက်သည်များ ကျေနပ်မှုရရှိခြင်း
ဖောက်သည်သစ္စာရှိမှုထပ်ခါတလဲလဲ ဝယ်ယူခြင်းနှင့် အခြားသူများအား ညွှန်းဆိုပေးခြင်း
လုပ်ငန်းတိုးတက်မှုအရောင်းတိုးလာပြီး ဈေးကွက်နှင့် ထုတ်ကုန်အသစ်များ ချဲ့ထွင်နိုင်ခြင်း
ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းအမြတ်ငွေကို ထုတ်ကုန်အသစ်များ၊ နည်းပညာနှင့် အရည်အသွေးမြှင့်တင်ရေးတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း တွေနဲ့ လည်ပတ်နေပါတယ်။

Vision’s Critical Success Key Factors (CSF) ကိုအောင်မြင်စေရန် လုပ်ဆောင်ရတဲ့ အချက်များ

  • ကျန်းမာရေးနှင့်ညီညွတ်သော (Healthy) – သဘာဝကုန်ကြမ်းများ အသုံးပြု၍ အာဟာရပြည့်ဝသော မုန့်များ ထုတ်လုပ်ခြင်း။
  • အရသာကောင်းမွန်သော (Delicious) – မြန်မာ့ရိုးရာအရသာကို ထိန်းသိမ်းထားပြီး အရသာကောင်းမွန်စေခြင်း။
  • သင့်တင့်သောဈေးနှုန်း (Reasonable Price) – အရည်အသွေးကို ထိန်းသိမ်းထားပြီး စားသုံးသူများ လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ရောင်းချခြင်း။
  • အဆက်မပြတ် ဆန်းသစ်တီထွင်ခြင်း (Continuous Innovation) – အရသာအသစ်များ၊ ထုပ်ပိုးမှုအသစ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အမြဲတမ်း တိုးတက်အောင် ဆောင်ရွက်ခြင်း။

ဤအကျိုးပြု သံသရာစက်ဝန်း (virtuous cycle) သည် အစဉ်မပြတ် နည်းပညာသစ်များ ထွင်ထုတ်ဖန်တီးခြင်းက သုံးစွဲသူများ၏ ကျေနပ်မှုကို မည်သို့ ခိုင်မာစေကြောင်း၊ သစ္စာစောင့်သိမှုကို တိုးတက်စေကြောင်း၊ စီးပွားရေးကြီးထွားမှုကို တွန်းအားပေးကြောင်းနှင့် နောက်ထပ် နည်းပညာသစ်များ စတီထွင်ရန်အတွက် အရင်းအမြစ်များကို မည်သို့ ဖန်တီးပေးကြောင်း ပြသနေပြီး "ကျန်းမာရေးနှင့် ညီညွတ်သော၊ အရသာရှိသော၊ သင့်တော်သော စျေးနှုန်း" ဆိုသည့် မျှော်မှန်းချက်ကို အထောက်အကူပြုလျက် ရှိပါသည်။

Figure from the submitted paper

MMK မြန်မာ့ရိုးရာမုန့်လုပ်ငန်း၏ ခရီးစဉ် (Journey) ပြထားသည့် ပုံသည် Philip Kotler ၏ Marketing 1.0 မှ ပေါ်ထွက်လာဆဲဖြစ်သော Marketing 7.0 အထိ မားကတ်တင်းသီအိုရီများ၏ ပြောင်းလဲတိုးတက်လာမှုနှင့် အညီ လုပ်ဆောင်ခဲ့သည်များကို တိကျစွာ ဖော်ပြနေပါသည်။ ပုံပေါ်တွင် အခြေခံထားသော ခေတ်တစ်ခုစီ၏ အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်များက အောက်ပါအတိုင်း ဖြစ်ပါသည် -

Marketing 1.0: ထုတ်ကုန်ကို ဗဟိုပြုသောခေတ် (Product-Centric)

  • ပထမအဆင့် ခေတ်ကာလ : Disruptive innovation - Rebranding 1985 / Survive 1988
  • ၁၉၁၂ ခုနှစ်မှာ “ရွှေနန်းတော် မြန်မာ့ ရိုးရာမုန့်လုပ်ငန်း” ဆိုပြီး စတင်ခဲ့ပေမယ့် ၁၉၈၅ ဝန်းကျင်မှာ မိသားစု ဝင်ရိုးရဲ့ တတိယ အဆင့် မိဘနဲ့ သားသမီး အတူတကွ လုပ်ဆောင်ခြင်း (Working Together) အဆင့်မှာ “ရွှေနန်းတော် မြန်မာ့ ရိုးရာမုန့်လုပ်ငန်း” ဆိုတဲ့ ကုန်အမှတ်တံဆိပ်ကို ဖျက်သိမ်းပြီး (Disruptive innovation) “မြင့်မြင့်ခင်” ဆိုတဲ့ ကုန်အမှတ်တံဆိပ်အသစ်နဲ့ ပြန်လည်မွေးဖွားခြင်း ( Brand Rejuvenation) ကို လုပ်ဆာင်ခဲ့သည်။ အဲ့ဒီ အချိန်မှာ စားဝတ်နေရေး အတွက် (Survive) ရှင်သန်ရပ်တည်နိုင်ရန် ဝမ်းစာရှာဖွေသည့် အဆင့်သာဖြစ်ပါသည်။ လုပ်ငန်းတိုးတက်အောင် ကြိုးစားနေရင်းဖြင့် ၁၉၈၈ခုနှစ်မှာ ဒုတိယအကြိမ် (Survive) ရှင်သန်ရပ်တည်နိုင်ဖို့ ထပ်မံကြိုးစားခဲ့ရပြန်ပါတယ်။
  • အဓိကဇောက်ချလုပ်ဆောင်ရသည့်အရာ: ထုတ်ကုန် (The Product)
  • စတင်ပေါ်ပေါက်သည့် ပုံ၏ ပထမ အဆင့်တွင် မားကတ်တင်းသည် အမြောက်အများ ထုတ်လုပ်မှု (Mass Production) နှင့် စွမ်းဆောင်ရည်မြင့်မားရန် စံချိန်စံညွှန်းမီ ထုတ်ကုန်များပြုလုပ်ခြင်းပေါ်၌သာ လုံးဝအာရုံစိုက်ခဲ့သည်။ ဒီပထမ လှေကားထစ်တွင် ယင်းကို စျေးကွက်အတွင်း ထုတ်ကုန်တစ်ခု စတင်ခြေကုပ်ယူရသည့် "Survive" (ရှင်သန်ရပ်တည်ရေး) သို့မဟုတ် "Disruptive" (ဆန်းသစ်တီထွင်မှု) ခေတ်အဖြစ် သတ်မှတ်ထားသည်။ မားကတ်တင်းသည် အရောင်းအဝယ်ဆန်ပြီး၊ လုပ်ဆောင်ချက်ကို ဦးစားပေးကာ ထုတ်ကုန်ကိုသာ ဗဟိုပြု၍ အမြောက်အများ ဖြန့်ဖြူးသည့် မဟာဗျူဟာများကို အဓိကအသုံးပြုသည်။

Marketing 2.0: သုံးစွဲသူကို ဗဟိုပြုသောခေတ် (Customer-Centric)

  • ဒုတိယ အဆင့် ခေတ်ကာလ : Innovations (Products, Process, Service, Organization), ~2000
  • အဓိကလုပ်ဆောင်သည့်အရာ: သုံးစွဲသူ (သီးသန့်ခွဲထွက်ထားသော စျေးကွက်အလိုက်)
  • မြင့်မြင့်ခင် လုပ်ငန်း သည် အာရုံစိုက်မှုကို ထုတ်ကုန်မှသည် စားသုံးသူ ဆန္ဒရှိသည်များကိုပါ ထုတ်လုပ်နိုင်ရန် ဆီသို့ ပြောင်းလဲခဲ့ကြသည်။ ဒီခေတ်၏ လက္ခဏာမှာ စျေးကွက်ကို အပိုင်းလိုက်ခွဲခြားခြင်း (Segmentation)၊ သီးသန့် အားထားရမည့် သုံးစွဲသူအစုအဝေးကို ပစ်မှတ်ထားခြင်း (Targeting) နှင့် သစ္စာရှိမှုကို တည်ဆောက်ရန် အမှတ်တံဆိပ် (Brand) ကို စိတ်ခံစားမှုဆိုင်ရာအရ နေရာချထားခြင်း (Positioning) တို့ ဖြစ်သည်။ ဒီဒုတိယလှေကားထစ်တွင် စားသုံးသူ စားချင်သည်မုန့်များ၊ ဝယ်ယူချင်သည့် ပမာဏ ကို ရရှိစေဖို့ နဲ့ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်အောင် ဝန်ဆောင်မှုများ ပေးခြင်း စသည့်အချက်များကို စားသုံးသူ စိတ်ကျေနပ်စေဖို့ကို အထူး ဂရုစိုက်လုပ်ဆောင်ပေးခြင်းဖြင့် သုံးစွဲသူအစုအဝေးကို နားလည်ဝန်ဆောင်မှုပေးရန် ရည်ရွယ်သည့် အဖွဲ့အစည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် ချိတ်ဆက်ပြထားသည်။

Marketing 3.0: လူသား၏ စိတ်ဓာတ်နှင့် တန်ဖိုးများကို ဗဟိုပြုသောခေတ် (Human-Centric)

  • တတိယ အဆင့် ခေတ်ကာလ : Restructuring , Sustainability -2016
  • အဓိကလုပ်ဆောင်သည့်အရာ: စနစ်တကျ ပြန်လည်ဖွဲ့စည်းပုံတည်ဆောက်ခြင်း၊ လူသား၏ စိတ်ဓာတ် (တန်ဖိုးများနှင့် ရေရှည်တည်တံ့မှု)
  • Marketing 3.0 သည် သုံးစွဲသူများကို ဦးနှောက်၊ နှလုံးသားနှင့် ဝိညာဉ်ရေးရာ စသည့် ရှုပ်ထွေးသော လိုအပ်ချက်များရှိသည့် ပြည့်စုံသော လူသားများအဖြစ် ဆက်ဆံသည်။ Brand များသည် လူသားကို ဗဟိုပြုရမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များကို လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းများနှင့် ဟန်ချက်ညီအောင် ချိန်ညှိရမည်။ ဒီအဆင့်မှာ "Next generation" နောင်မျိုးဆက်ကို "Sustainability" (ရေရှည်တည်တံ့မှု) ရှိစေရန် ၂၀၁၆ ခုနှစ်မှာ “Restructuring” စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီး တည်ဆောက်ခဲ့သည်။

Marketing 4.0: ရိုးရာမှ ဒစ်ဂျစ်တယ်သို့ ကူးပြောင်းသောခေတ် (Traditional to Digital)

  • စတ္ထုတ အဆင့် ခေတ်ကာလ : From Traditional to Digital 2017 (ERP, Machines, E-commerce, Online Shop)
  • အဓိကလုပ်ဆောင်သည့်အရာ: ဒစ်ဂျစ်တယ် ခရီးစဉ် (The Digital Journey)
  • ဒီခေတ်သည် ရိုးရာ စျေးကွက်ရှာဖွေသည့် နည်းလမ်းများမှ ဒစ်ဂျစ်တယ်စနစ် ပေါင်းစပ်ပါဝင်မှုသို့ ကူးပြောင်းခြင်းကို ပြုလုပ်ခဲ့သည်။ နည်းပညာသည် သုံးစွဲသူ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် သီးသန့် စိတ်ကြိုက် ဖန်တီးထားသော အပြန်အလှန် ဆက်သွယ်မှုများကို ချောမွေ့စေရန် အဓိကကိရိယာဖြစ်လာခဲ့သည်။ ဒီလှေကားထစ်မှာ "E-commerce Website"၊ "Online Shop" နှင့် အတွင်းပိုင်း "ERP software" များကို လိုက်ပါကျင့်သုံးခြင်းအား ဒစ်ဂျစ်တယ်အခင်းအကျင်းသို့ ကူးပြောင်းသည့် အရေးပါသော အပြောင်းအလဲအဖြစ် စနစ်တကျ ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် ကိုဗစ်ဖြစ်လာချိန်တွင် ခေတ်ကာလ အလျှောက် တကမ္ဘာလုံး ဒစ်ဂျစ်တယ် လမ်းကြောင်းပေါ်တွင် တွန်းတင် ပေးလိုက်သလို ဖြစ်သွားချိန်တွင် ထိုသို့ ပြင်ဆင်ထားမှုသည် အစဥ်သင့်ဖြစ်သွားပြီး လုပ်ငန်းကိုပိုမိုချောမွေ့စေခဲ့သည်။

Marketing 5.0: ဒေတာအခြေပြု နှင့် လူသားမျိုးနွယ်အတွက် နည်းပညာခေတ် (Data-Driven / Technology for Humanity)

  • ပဥ္စမအဆင့် ခေတ်ကာလ: Marketing 5.0: Artificial Intelligence (AI) - Survive (2021)
  • အဓိကလုပ်ဆောင်သည့်အရာ: နည်းပညာနှင့် လူသားပေါင်းစပ်အားဖြည့်မှု (Technology-Human Augmentation)
  • Marketing 5.0 သည် မားကတ်တင်းပညာရှင်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် AI၊ Machine Learning နှင့် Natural Language Processing စသည့် ဒေတာအခြေပြု အဆင့်မြင့် နည်းပညာများကို အသုံးပြုသည်။ Big Data ကို အသုံးပြု၍ အလွန်စွမ်းဆောင်ရည်မြင့်သည့် တစ်ဦးချင်းအလိုက် စိတ်ကြိုက်ကြုံတွေ့မှုများ (Hyper-personalized experiences) ကို ဖန်တီးပေးသည်။ ဒီအဆင့်တွင် "Artificial Intelligence (AI)" ကို အဓိကနည်းပညာအဖြစ် တကမ္ဘာလုံး အာရုံစိုက်ထားပြီးလုပ်ကိုင်နေသည့်အချိန်တွင်
  • မြန်မာပြည် ခေတ်ကာလအလျှောက် ၂၀၂၁ ခုနှစ်၏ စိန်ခေါ်မှု အကျပ်အတည်းများကို ကျော်လွှားရန် ဒုတိယအကြိမ် ပြန်လည် ရှင်သန်ဖို့ (Survive) စတင်အသုံးပြုခဲ့သည်။

Marketing 6.0: နက်ရှိုင်းစွာ စီးမျောခံစားရသော မားကတ်တင်းခေတ် (Meta-Marketing / Immersive)

  • ဆဋ္ဌမ အဆင့် ခေတ်ကာလ: Marketing 6.0: Immersive Marketing / Meta-Marketing (Survive 2025, Online Shop)
  • အဓိကလုပ်ဆောင်သည့်အရာ: နက်ရှိုင်းစွာ စီးမျောခံစားရသော အတွေ့အကြုံ (The Immersive Experience)
  • Meta-Marketing ဟုလည်း လူသိများသော ဒီခေတ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ် ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပြီး ပလပ်ဖောင်းပေါင်းစုံ (Omnichannel) ထိတွေ့မှုများမှတစ်ဆင့် နက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်နိုင်သော၊ အပြန်အလှန် သက်ရောက်မှုရှိသော၊ ချောမွေ့သောအတွေ့အကြုံများကို ဖန်တီးပေးသည်။ အွန်လိုင်းတွင် ရှိနေရုံမျှမကဘဲ "စီးမျောခံစားရခြင်း" (Immersive) သို့ ကူးပြောင်းသွားသည်။ ဒီယာဂရမ်တွင် ယင်းကို ဆန်းသစ်၍ ဘက်စုံစံချိန်မီသော "Online Shop" များကို တပ်ဆင်ကာ ၂၀၂၅ ခုနှစ် ပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်မှုပြုခြင်းနှင့် ချိတ်ဆက်ပြထားသည်။

Marketing 7.0: အကန့်အသတ်များကို လွန်မြောက်သော မားကတ်တင်းခေတ် (Transcendent Marketing)

  • သတ္တမ အဆင့် ခေတ်ကာလ: Marketing 7.0: Transcendent Marketing (Transcendent Value, Spiritual & Cultural Resonance, Legacy & Community Well-being 2030+)
  • အဓိကလုပ်ဆောင်သည့်အရာ: အမွေအနှစ်နှင့် လူမှုအသိုင်းအဝိုင်း၏ သာယာဝပြောရေး (The Legacy and Well-being)
  • မားကတ်တင်း ခရီးစဉ်၏ သီအိုရီဆိုင်ရာ အနာဂတ် အမြင့်ဆုံးစံကို ကိုယ်စားပြုသည့် Marketing 7.0 သည် တစ်ဦးချင်းအတွေ့အကြုံနှင့် နည်းပညာ၏ အကန့်အသတ်များကို လွန်မြောက်သွားပါသည်။ ယင်းသည် ကမ္ဘာမြေ၏ သာယာဝပြောရေးနှင့် လူသားထု၏ မျှဝေခံစားရမည့် အနာဂတ်အတွက် "လွန်မြောက်သော တန်ဖိုး" (Transcendent Value) ကို ဖန်တီးရန် ရည်ရွယ်သည်။ ဒီအဆင့်တွင် ဖော်ပြထားသည့်အတိုင်း အမှတ်တံဆိပ်တစ်ခု၏ ရေရှည်တည်တံ့မှုမှတစ်ဆင့် ကမ္ဘာကြီးအတွက် ကောင်းမွန်သော ပံ့ပိုးမှုများပေးနိုင်ရန် "အမွေအနှစ်နှင့် လူမှုအသိုင်းအဝိုင်း သာယာဝပြောရေး" (Legacy & Community Well-being)၊ "စိတ်ဓာတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ထပ်တူကျမှု" (Spiritual & Cultural Resonance) တို့ကို အဓိကထား ဆောင်ရွက်ပါသည်။
  • ၂၀၂၂ မှစတင်ပြီး “မြင့်မြင့်ခင် မြန်မာရိုးရာမုန့်လုပ်ငန်း” သည်တတိယအကြိမ် ပြန်လည် ဖွဲ့စည်း တည်ဆောက်ခြင်း (Restructuring) ကို တတိယ မျိုးဆက်အတွက် မျိုးဆက် ဆက်ခံရေး စီမံကိန်း (Succession Plan) အဆင်သင့် ဖြစ်ရန် စတင်လုပ်ဆောင်ခဲ့တယ်။

နိဂုံးချုပ်

လောကနိယာမ၊ စီးပွားရေးကျင့်ဝတ်နဲ့ ဘဝခရီးလမ်း ရွေးချယ်မှု

ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ သဘာဝတရားက အရမ်းကိုထူးဆန်းပါတယ်။ လောကကြီးမှာ အကျိုးနဲ့ အကြောင်း ၊ အဆိုး နဲ့ အကောင်း ၊ ကောင်းမှု မကောင်းမှု ဆိုတာ ကြိုးနဲ့ ဆွဲချည်ထားသလို အမြဲတမ်း ဒွန်တွဲ နေလေ့ရှိတယ်။ တရုတ်လို ဆိုရင် (Yin & Yang) ယင် နဲ့ ယမ် ပေါ့။

ကောင်းမှု (သုစရိုက်) ပဲ ဖြစ်ဖြစ်၊ မကောင်းမှု (ဒုစရိုက်) ပဲဖြစ်ဖြစ် ဘယ်အရာကမှ ကမ္ဘာလောကကြီးထဲကနေ ပျောက်ကွယ်သွားတယ်ဆိုတာ မရှိဘူး။ တစ်ခုအင်အားကြီးလာရင် နောက်တစ်ခုက အားလျော့သွားတတ်တဲ့ သဘာဝပဲ ရှိတယ်။ လောကကြီး မှာ လူကောင်းများလာမယ်၊ တာဝန်ယူတတ်တဲ့သူ များလာရင် မကောင်းမှုတွေက ခေါင်းထောင်နိုင်မှာမဟုတ်ပါဘူး။ မကောင်းမှု ရပ်ဝန်းများလာရင်လည်း လူကောင်းသူကောင်းတွေ နေပျော်မယ်မထင်ဘူး။ ဒုစရိုက် ရပ်ဝန်း နဲ့ သုစရိုက် ရပ်ဝန်း နဲ့ ပတ်သက်ပြီး ရှုထောင့် နှစ်မျိုးနဲ့ ပြောချင်ပါတယ်။

ပထမ ရှုထောင့်က စီးပွားရေးအမြင်ပါ။ စီးပွားရေးလုပ်တဲ့အခါမှာ (virtuous) သုစရိုက် မြန်မာလိုဆိုရင် သမာအာဇီဝ လို့ခေါ်မှာပေါ့ ။ ကျွန်မတို့ စီးပွားရေးလုပ်တဲ့အခါမှာ သမာအာဇီဝနည်းလမ်းနဲ့ပဲ စီးပွားရှာရှာ ၊ (vicious) သမာအာဇီဝမဟုတ်တဲ့ နည်းလမ်းနဲ့ပဲရှာရှာ ရည်ရွယ်ချက်ကတော့ စီးပွားရှာတာပဲမို့လို့ ကြိုးစားရင် အလုပ်တော့ဖြစ်ကြမှာပါပဲ။ ဒါပေမယ့် သမာအာဇီဝ နဲ့ စီးပွားရှာတဲ့သူက ပိုရုန်းကန်ရမယ်၊ ခက်ခဲမယ်လို့ထင်မိတာပါပဲ။

ဘာလို့လဲဆိုတော့ စောင့်ထိန်းရမယ့် (dignity) ဣန္ဒြေရှိမှု ဂုဏ်သိက္ခာတွေ၊ (ethics) ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေ၊ (integrity) တည်ကြည်မှုတွေပါ စောင့်ထိန်းရတဲ့အတွက် မလုပ်သင့်တာတွေ မလုပ်မိစေဖို့ ကိုယ်၊စိတ်၊နှစ်လုံးသုံးပါးလုံး ထိန်းသိမ်းစောင့်ရှောက်ရင်း အလုပ်လုပ်ကိုင်ရတဲ့အတွက် ခက်ခဲကောင်း ခက်ခဲနေပေမယ့် ရေရှည်မှာတော့ (good will) မိမိရဲ့ နာမည်ကောင်းကို တည်ဆောက်ပြီးသား ဖြစ်သွားမယ်။ လူအများရဲ့ (trust) ယုံကြည်မှု တည်ဆောက်ပြီးသားဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီတော့ ဘယ်လို နည်းလမ်းနဲ့ စီးပွားရှာမယ် ဆိုတာက လုပ်ငန်းရှင်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

"လူတွေက သမာအာဇီဝ လမ်းကြောင်းရဲ့ ခက်ခဲမှုကိုပဲ ကြည့်ပြီး နားလည်မှု လွဲကောင်း လွဲနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ နားလည်နိုင်စွမ်း အကန့်အသတ်က သမာအာဇီဝနဲ့ အသက်မွေးဝမ်းကြောင်းတဲ့သူတွေရဲ့ စစ်မှန်တဲ့ ဂုဏ်သိက္ခာအလှနဲ့ စွမ်းအားကိုတော့ ဘယ်တော့မှ ဖုံးလွှမ်းနိုင်မှာ မဟုတ်ပါဘူး။"

ကျွန်မတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ (virtuous cycle) သုစရိုက်ရပ်ဝန်းဖြစ်တဲ့ လုံခြုံဘေးကင်းပြီး သူခိုး၊ ဓါးပြ၊ လူရမ်းကားရန်ကနေ ဘေးကင်းတဲ့နေရာမှာ အေးအေးချမ်းချမ်း စိတ်ချမ်းသာစွာနဲ့ နေချင်သလား၊ဒါမှမဟုတ် (vicious cycle) ဒုစရိုက်ရပ်ဝန်းဖြစ်တဲ့ သူခိုး၊ ဓါးပြ၊ လူရမ်းကားတွေ များတဲ့ လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ နေချင်သလား ဆိုတာကလည်း ရွေးချယ်မှုတွေရဲ့ နောက်မှာ ကပ်ပါလာမယ့် ရလဒ်တွေပဲဖြစ်ပါတယ်။

ဒုတိယ ရှုထောင့်ကတော့ လူမှုရေးအမြင်ပါ။

သားသမီး ရှိတဲ့ မိဘတွေ အနေနဲ့ ရော ကိုယ့်သားသမီးကို ဘယ်လို ရပ်ဝန်းမျိုးမှာ ထားချင်ပါသလဲ။

ကျွန်မတို့ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင် ပုံပြင်လေးလိုပေါ့။ တစ်မိထဲက ပေါက်ဖွားလာပေမဲ့ လေပြင်းမုန်တိုင်းကြာင့် ကွဲကွာသွားတဲ့ အချိန်မှာ ရောက်ရှိသွားတဲ့၊ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အဆိုး၊ အကောင်းဆိုတာ ပြောင်းလဲသွားတယ်။

Adoptive - မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်ကပဲ မွေးစားလိုက်တယ်၊ မွေးစားခံရတယ်။

Adaptability - မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်မှာပဲ အလိုက်သင့် နေထိုင်တတ်လာတယ်။

ကျွန်မကတော့မိခင်တစ်ယောက်အနေနဲ့ ပြောရရင် ကိုယ့်ရဲ့သားသမီး ကို လူကောင်းလေးဖြစ်စေဖို့ဆိုတာ (Do and Don't) ဒါတွေလုပ်ရမယ်၊ မလုပ်ရဘူး ပြောရုံနဲ့ မလုံလောက်ဘူး လို့မြင်မိတယ်။ တစ်ချက်က မိဘပေါ်မူတည်သလို ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ်

“ကျွန်မတို့ စဉ်းစားတွေးခေါ်နေတဲ့ အရည်အသွေးတိုင်းဟာ ကျွန်မတို့ ဘဝအတွက် အဆင့်အတန်းဖြစ်လာမှာပါပဲ။”

ကျွန်မကတော့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်လေးမှာ နေထိုင်ချင်တယ်။ ကျွန်မ မသိသေးတဲ့ ပညာတွေ လေ့လာရင်း အချင်းချင်း ကိုယ်သိတာလေးတွေ မျှဝေရင်း အေးအတူ ပူအမျှ နေထိုင်ရင်းနဲ့ပေါ့။

အဲ့ဒီတော့ ပတ်ဝန်းကျင်ကောင်းလေးမှာ နေထိုင်နိုင်ဖို့ အတွက် မိတ်ဆွေတို့နဲ့ အတူတူဖန်တီးကြရအောင်ပါ။

References :

  • Myint Myint Khin ,Life beyond Success by 2026
  • Maslow’s hierarchy of needs
  • Virtuous cycle
  • Virtuous Cycle
  • The Invention of Good and Evil: A World History of Morality by Hanno Sauer.