Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်သို့ နိုင်ငံတော်သံဃမဟာနာယကအသိအမှတ်ပြု တက္ကသိုလ်ဖြစ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ပါမောက္ခချုပ်ဆရာတော်ကြီးမှ တက္ကသိုလ်နှင့်ပတ်သက်၍ လျှောက်ထားစဉ်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဒုတိယဥက္ကဋ္ဌ နေနတ်သားဆရာတော် ဦးဆောင်သော သံဃမဟာနာယကဆရာတော်ကြီးများနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူပုဂ္ဂိုလ်များသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၃) ရက် (၁၃.၅.၂၀၂၆)ရက်နေ့တွင် ရန်ကင်းတောင်ခြေ၊ ပုသိမ်ကြီးမြိုနယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အသိအမှတ်ပြု တက္ကသိုလ်ဖြစ်မြောက်ရေးအတွက် ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်မှ တက္ကသိုလ်နှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နေနတ်သားဆရာတော်မှ “သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် အရေးပါသော ကိုယ်ကျင့်တရားများ ပိုမိုကောင်းမွန်ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးကြရန်” တိုက်တွန်းဩဝါဒနှင့် အကြံပြုချက်များ ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ တက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဆရာတော်နှင့်တကွ ဒုတိယပါမောက္ခချုပ်ဆရာတော်၊ ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ ကထိကများ၊ ကျောင်းသားများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားပြီးဆုံးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်နှင့် ဥပတ္ထမ္ဘကအဖွဲ့များမှ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဌာနမှ လူပုဂ္ဂိုလ်များအားလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ထို့အပြင် တက္ကသိုလ်ကြီး၏ ပင်မဆောင် အလှူရှင်များဖြစ်ကြသော ကိုမိုးမြင့်သာ + မမြင့်သဲအိဇွန် မိသားစုတိုမှလည်း ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သက်ရှည်ကျန်းမာစွာဖြင့် သာသနာတော်အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ထိုအပြင် မိမိတို့ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်သို ကြွရောက်ချီးမြှင့်တော်မူခြင်းအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

#ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်
ရန်ကင်းတောင်ခြေ၊ပုသိမ်ကြီးမြိုနယ်၊မန္တလေး။